ထိုင်းနိုင်ငံတွင် ကားစက်ရုံ အကြီးစားများ တည်ထောင်ထားသော တရုတ်နိုင်ငံမှ ထိပ်တန်း ကားထုတ်လုပ်ရေး လုပ်ငန်း ၃ ခု ဖြစ်ကြသည့် MG ,BYD နှင့် Great Wall Motor (GWM) တို့သည် ယခုအခါ ထိုင်းမှ မော်တော်ယာဉ် တင်ပို့ရန် ၎င်းတို့၏ ထုတ်လုပ်မှု စွမ်းရည်ကို ချဲ့ထွင်ရန် စီစဉ်လျက်ရှိသည်။ သာမန် ဟိုက်ဘရစ်၊ ပလပ်ထိုးအားသွင်း ဟိုက်ဘရစ် မော်ဒယ်များကို အာဆီယံဈေးကွက်ထဲသို့ တင်ပို့ကြမည်။ ထိုင်းတွင် MG ကို SAIC Motor–CP ဖက်စပ်လုပ်ငန်းက လုပ်ကိုင်သည်။ ချွန်ဘူရီ ပြည်နယ်တွင် တနှစ် အစီးရေ ၁ သိန်းအထိ ထုတ်လုပ်နိုင်သည့် ကားစက်ရုံ တရုံရှိသည်။ ရယောင်းမှ GWM ၏ စက်ရုံသည် တနှစ် အစီးရေ ၈ သောင်းအထိ ထုတ်လုပ်နိုင်သည်။ BYD သည် ထိုင်းတွင် တနှစ် အစီးရေ ၁ သိန်းခွဲအထိ ထုတ်လုပ်နိုင်ရန် စီစဉ်နေသည်။



