ရန်ကုန်မြို့ XING YUAN (Myanmar) အထည်ချုပ်စက်ရုံ၌ တာဝန်ရှိသူများက အလုပ်သမားများ၏ ဆန္ဒမပါဘဲ အချိန်ပိုများ ခိုင်းစေနေကြောင်း အလုပ်သမားများက ပြောကြားသည်။ သင်္ကြန်ပိတ်ရက်အပြီး ဧပြီလ ၂၂ ရက်တွင် စက်ရုံမှ ည ၁၂ နာရီအထိ လုပ်ကိုင်ရန် ညွှန်ကြားခဲ့ရာ အလုပ်သမားများက ငြင်းဆန်ခဲ့သော်လည်း ည ၈ နာရီအထိ လုပ်အားပေးခဲ့သည်။ သို့သော် ည ၈ နာရီရောက်သော်လည်း အထည်များမပြီးသေးဟုဆိုကာ ပြန်လွှတ်မပေးဘဲ၊ ပြန်လိုပါက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပြန်ကြရန် လိုင်း ၃ အောစူပါနှင့် မန်နေဂျာ ဒေါ်မျိုးမျိုးတို့က ပြောဆိုခဲ့ကြောင်း အလုပ်သမားများက ဆိုသည်။ ထိုနေ့တွင် အလုပ်သမားများသည် ည ၉ နာရီအထိ မပြန်နိုင်ခဲ့ဘဲ၊ အချို့မှာ မိသားစုနှင့် အသိမိတ်ဆွေများထံ အကူအညီတောင်းကာ နေအိမ်သို့ ပြန်ခဲ့ရကြောင်း သိရသည်။



