မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သော ရန်ကုန်–နေပြည်တော်–မန္တလေး အမြန်လမ်းမကြီးရှိ ပျက်စီးနေရာများကို ယာယီသွားလာနိုင်အောင် ပြင်ဆင်ပေးပြီး ဖြစ်ကြောင်း သိရသည်။အဓိကအားဖြင့် မိုင်တိုင်အမှတ် (၃၅၈/၂) တွင် တည်ရှိသော ဒုဋ္ဌဝတီတံတားမှအပ ကျန်နောက်ကျောလမ်းပိုင်းများကို ပြုပြင်မှုလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်သည်။ ယာယီပြုပြင်ထားသည့် လမ်းအပိုင်းများ၌ ခွင့်ပြုမိုင်နှုန်းအတိုင်းသာ မောင်းနှင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တိုက်တွန်းထားသည်။မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ကြီးကြောင့် အမြန်လမ်းမကြီးတွင် (၂၈၃) နေရာတွင် ကွန်ကရစ်လမ်းတန်းပျက်စီးမှု၊ (၁၈၅) နေရာတွင် လှိုင်းတွန့်ဖြစ်မှုတို့ကြောင့် မျက်နှာပြင်ညှိပြင်ဆင်မှုများ ပြုလုပ်နေရသည်။



