ရုရှားသမ္မတ ပူတင်၏ တစ်ရက်တာ အီစတာအပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို နှစ်ဖက်စလုံးက တနင်္ဂနွေနေ့တွင် ချိုးဖောက်ခဲ့သည်ဟု အပြန်အလှန် စွပ်စွဲခဲ့ကြသည်။ ယူကရိန်းသမ္မတ ဇီလင်စကီးက ရုရှားသည် ညသန်းခေါင်မှ ညနေ ၄ နာရီအတွင်း လက်နက်ကြီးများအပါအဝင် တိုက်ခိုက်မှု ၄၆ ကြိမ် ပြုလုပ်ခဲ့ကြောင်း စွပ်စွဲခဲ့ပြီး ရုရှားသည် အပစ်အခတ်ရပ်စဲရေးကို ဟန်ဆောင်ကာ စနေနေ့ညမှစ၍ တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့သည်ဟု ဆိုသည်။တစ်ဖက်တွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းသည် အပစ်အခတ်ရပ်စဲရေးကို အကြိမ် ၁၀၀၀ ကျော် ချိုးဖောက်ခဲ့ပြီး တိုက်ခိုက်မှုများကြောင့် အခြေခံအဆောက်အအုံများ ပျက်စီးကာ အရပ်သားများ သေဆုံးခဲ့ကြောင်း တုံ့ပြန်စွပ်စွဲခဲ့သည်။ ထို့ပြင် ယူကရိန်းတပ်ဖွဲ့များသည် ရုရှားနယ်စပ်ရှိ ဒေသများအပါအဝင် ရုရှားတပ်စခန်းများကို ၄၄၄ ကြိမ် ပစ်ခတ်ခဲ့ပြီး ဒရုန်းတိုက်ခိုက်မှု ၉၀၀ ကျော်ကိုလည်း ပြုလုပ်ခဲ့သည်ဟု ရုရှားက ပြောကြားခဲ့သည်။



