မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ အမြင့်ပေ (၉၀) (၃၀)မီတာခန့် ရှေးဟောင်းသမိုင်းဝင် နန်းမြင့်မျှော်စင်အား မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအသင်းတို့မှ ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ဖယ်ရှားရှင်းလင်းရာမှ မွန်းလွဲ ၂ နာရီ ၁၂ မိနစ်ခန့်တွင် အမျိုးသားတစ်ဦး၏ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့သဖြင့် သယ်ထုတ်ပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ ရှေးဟောင်းသမိုင်းဝင် နန်းမြင့်မျှော်စင်သည် ဘကြီးတော်မင်း၏ နန်းတော်မှကြွင်းကျန်ခဲ့သည့် တစ်ခုတည်းသောအင်္ဂတေလက်ရာဖြစ်ပြီး ၁၈၃၈ ခုနှစ်ကလှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် အပေါ်ပိုင်းအဆောက်အအုံပြိုကျခဲ့သဖြင့် မူလလက်ရာအတိုင်းပြန်လည်ပြုပြင်ထား၍ နန်းမြင့်မျှော်စင်သည် (၁၉)ရာစုအစောပိုင်း မြန်မာ့ဗိသုကာအနုပညာ၏ နမူနာပုံစံတစ်ခုဖြစ်ကြောင်း သိရသည်။



