ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်ရှိ ဇလွန်-ဓနုဖြူသွားကားလမ်းတွင် ဧပြီ ၁၈ ရက်မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က ကား(၃)စီးဆင့်တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ဇလွန်မြို့နယ်၊ ဖက်သောင်ကျေးရွာရှိ ဇလွန်-ဓနုဖြူသွားကားလမ်းမကြီး၏ မိုင်တိုင်အမှတ် ၂၇/၃ နှင့် ၂၇/ ၄ ကြားတွင် Yutong အမျိုးအစား "ချယ်ရီ"ခရီးသည်တင်ကား၊ တွဲကားနှင့် Toyota Ractis (အိမ်စီးကား)တို့တိုက်မိခဲ့ကြောင်း သိရသည်။ ထိုသို့ တိုက်မိမှုကြောင့် ကား(၃)စီးပေါ်တွင်လိုက်ပါလာသူများအနက် အမျိုးသား၊အမျိုးသမီး(၁၂)ဦးတွင် ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရနှင့်မစိုးရိမ်ရ)များရရှိခဲ့သဖြင့် ရသလူမှုကူညီရေးအသင်း၊ ဖြူစင်လူမှုကူညီရေးအသင်း၊ သက်စမ်းရေလူမှုကူညီရေးအသင်း၊ ဂရုဏာလုလင်လူမှုကူညီရေးအသင်းတို့မှ ဇလွန်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။



