ငလျင်လှုပ်ခတ်ပြီးနောက် ဘုရားစေတီပုထိုးများတွင် နဂါးနှင့်တူသည့် အမောက်ပါသည့်မြွေများ ထွက် ပေါ်လာသည်ဆိုသော ဗွီဒီယိုဖိုင်တစ်ခု ပျံ့နှံလာခဲ့ပြီးနောက် ယုံကြည်သူများလည်း ရှိသော်လည်း ထိုမြွေမျိုးမှာ အလှမွေးကြသည့် မြွေအမျိုးအစားတစ်ခုဖြစ်ကြောင်း အိမ်မွေးတိရစ္ဆာန်ရောင်းချသူများက ဆိုသည်။ “ဒီဗီယိုဖိုင်က ဒီမှာရိုက်တဲ့ဖိုင်လည်း မဟုတ်ဘူး။ တခြားအရှေ့တောင်အာရှထဲက ဒီမြွေမျိုးစိတ် ကျင် လည်ကျက်စားလေ့ရှိတဲ့ နိုင်ငံတစ်ခုမှာ ရိုက်ထားတာ။ နောက်ပြီးတော့ ဒီဗွီဒီယိုဖိုင်ကလည်း အရင်ထဲက ရှိနေတာကြာပါပြီ။ အခုမှ ငလျင်အကြောင်းပြပြီး လူစိတ်ဝင်စားအောင်လုပ်နေတာ။ ဒီမြွေမျိုးစိတ်တွေက မြန်မာနိုင်ငံရဲ့ သဘာဝထဲမှာ မတွေ့နိုင်ပါဘူး” ဟု ၎င်းကပြောသည်။ထိုအပြင် ၎င်းမြွေမျိုးစိတ်သည် နဂါးနှင့်အလွန်တူသောကြောင့် တချိန်ကထိုင်းနိုင်ငံတွင် နဂါးနှင့်တူသည့် မြွေဟု နာမည်ကြီးခဲ့ဖူးပြီး မြန်မာနိုင်ငံတွင်ရှိသည့် မြွေမျိုးစိတ်များထဲတွင် လင်းမြွေနှင့် ငန်းစောင်းတို့၏ မျိုးနွယ်ဝင်ဖြစ်ကြောင်း သိရသည်။



