အီရန်နိုင်ငံခြားရေးဝန်ကြီးအဘတ်စ် အာရာဂ်ချီနှင့် အမေရိကန်သမ္မတ၏ အရှေ့အလယ်ပိုင်းဆိုင်ရာအထူးသံတမန် စတိဗ် ဝှစ်တကော့ဗ့်တို့ကြား တစ်ဆင့်ခံဆွေးနွေးပွဲကို အိုမန်နိုင်ငံခြားရေးဝန်ကြီး ဆာယစ်ဘာဒါ ဟေမက်အယ်လ်ဘူဆေဒီ ဦးဆောင်မှုဖြင့် မူစကတ်မြို့၌ စနေနေ့က စတင်ခဲ့ကြောင်း အီရန်ဘက်မှ ထုတ်ဖော်ပြောကြားသည်။ဆွေးနွေးပွဲသည် နှစ်ဖက်ကို သီးခြားခန်းမများတွင် ထားရှိကာ အိုမန်အရာရှိမှတစ်ဆင့် အမြင်များဖလှယ်နေကြသည်။ အာရာဂ်ချီက “တရားမျှတပြီး ဂုဏ်သရေရှိသည့် သဘောတူညီချက်ရရှိရေး” ကို ရည်ရွယ်ထားသည်ဟု ဆိုပြီး၊ တူညီသောချဉ်းကပ်ပုံဖြင့် အမေရိကန်ပါဝင်ပါက စေ့စပ်ရေးလမ်းကြောင်းသတ်မှတ်နိုင်မည်ဖြစ်ကြောင်း ထပ်မံဖော်ပြခဲ့သည်။



