မြန်မာနိုင်ငံမှ ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ဆေးဝါးကုသပေးရန်အတွက် ဘူတန်ဘုရင့်နိုင်ငံ ဘုရင်မင်းမြတ်က စေလွှတ်လိုက်သော ဘူတန်နိုင်ငံ ဆေးဘက်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့ ပေါင်းလောင်းအားကစားကွင်း၌ ဖွင့်လှစ်ထားသည့် ယာယီဆေးရုံ (ပေါင်းလောင်း)၌ ဧပြီ ၃ ရက်မှစတင်၍ တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူကြီးများ ၊ ဆရာဝန် ၊ သူနာပြုများနှင့် ပူးပေါင်း၍ ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ဆေးဝါကုသ ပေးလျက်ရှိကြောင်း သိရသည်။အဆိုပါ ဘူတန်နိုင်ငံ ဆေးဘက်ဆိုင်ရာအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွင် ဦးနှောက်နှင့်အာရုံကြောကုသမှုဆိုင်ရာ ပါရဂူ၊ အရိုးအကြောဆိုင်ရာ ပါရဂူ၊ မေ့ဆေး ပါရဂူ၊ ခွဲစိတ်ကုသမှု ပါရဂူ၊ အရေးပေါ်ကုသမှုဆိုင်ရာ ပါရဂူတို့အပါ အဝင် အဖွဲ့ဝင် ၈၇ ဦးပါဝင်ပြီး မြေစိုက်အရေးပေါ်ခွဲစိတ်ခန်း နှစ်ခန်း တည်ဆောက်ကာ နေစဉ်အကြီးစားနှင့်အသေးစားခွဲစိတ်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။



