ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က တရားဝင်နေထိုင်ခွင့် မရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူအချို့ကို ကွယ်လွန်ဆုံးပါးသူ အချက်အလက်စာရင်းထဲသို့ ထည့်သွင်းကာ နေရပ်ပြန်ရတဲ့ အခြေအနေဖြစ်လာအောင် ကြံရွယ်နေပြီး သူတို့ရဲ့ လူမှုဖူလုံရေးနံပါတ် (Social Security numbers)များ အသုံးပြုလို့မရအောင် လုပ်ဆောင်နေပါတယ်။ ဘိုင်ဒင်အစိုးရလက်ထက်က အမေရိကန်သို့ တရားဝင် ဝင်ရောက်ခွင့်ရခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ ယာယီနေထိုင်ခွင့် ရုပ်သိမ်းခံရပြီးနောက် လူမှုဖူလုံရေးကွပ်ကဲရေးရဲ့ ကွယ်လွန်ဆုံးပါးသူစာရင်းထဲ ထည့်သွင်းခံလာရမှာ ဖြစ်ပါတယ်။ လူမှုဖူလုံရေးနံပါတ်တွေဟာ အမေရိကန်မှာ အခွန်အသိအမှတ်ပြု နံပါတ်များအဖြစ် အသုံးပြုပြီး အစိုးရမှသတ်မှတ်တဲ့ ခံစားခွင့်များရရှိဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ဘဏ်အကောင့်ဖွင့်ခြင်း၊ ခရက်ဒစ်ကတ်လုပ်ခြင်း စတဲ့ ပုဂ္ဂလိကငွေကြေး လုပ်ဆောင်မှုတွေမှာလည်း အသုံးပြုပါတယ်။



