ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မတ် ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပြိုကျမှုကြောင့် ပျောက်ဆုံးနေသူများအနက် မြန်မာနိုင်ငံသားများလည်း ပါဝင်ကြောင်းသိရသည်။အဆိုပါဖြစ်စဉ်အတွင်း ခင်ပွန်းဖြစ်သူ ဦးကြည်သန်းနှင့် သားဖြစ်သူ အသက် ၂၃ နှစ်အရွယ် ကိုထက်တို့နှစ်ဦး ပျောက်ဆုံးနေကြောင်း မိခင်ဖြစ်သူက ထိုင်းသတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ သူမက မိသားစုနှစ်ဦးကို ရှာဖွေတွေ့ရှိရန်အတွက် တောင်တန်းများကို ကျော်ဖြတ်ကာ မြန်မာနိုင်ငံကနေ ၈ ရက်ကြာ ခရီးထွက်လာခဲ့သည်ဟု ပြောသည်။“ကျမသားလေးက အလုပ်ကြိုးစားလုပ်ပြီး ပိုက်ဆံစုတာနဲ့ ပြန်လာမယ်လို့ ပြောခဲ့တာ၊ ဒီလိုဖြစ်မယ်လို့ မထင်ထားဘူး။ ခင်ပွန်းနဲ့ သားလေးကို ပြန်တွေ့ချင်ပါတယ်” ဟု မိခင်ဖြစ်သူက မျက်ရည်များဖြင့် ပြောကြားခဲ့သည်။ထိုင်းအစိုးရအဖွဲ့က ဖြစ်စဉ်ဖြစ်ပေါ်ပြီးနောက် မနေ့ညထိ သေဆုံးသူ၊ ဒဏ်ရာရသူနှင့် ပျောက်ဆုံးသူများအကြောင်း ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ခြင်းမရှိသေးပါ။



