ကျန်းမာရေးဝန်ကြီးဌာနဟာ ငလျင်ဘေးသင့်ဒေသများဖြစ်သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ နိုင်ငံတကာဆေးပညာရှင်အဖွဲ့များနှင့် ပူးပေါင်းကာ လူနာများအားအချိန်နှင့်တပြေးညီ အထူးကြပ်မတ်ကုသလျက်ရှိတယ်လို့ သိရပါတယ်။နိုင်ငံတကာဆေးအဖွဲ့များအနေဖြင့် ပြည်ထောင်စုနယ်မြေနေပြည်တော်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘူတန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ အဖွဲ့ (၈)ဖွဲ့ ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် အိန္ဒိယနိုင်ငံ၊ ရုရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ နီပေါနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့မှ အဖွဲ့(၅)ဖွဲ့ဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ရုရှားနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် AHA Center တို့မှအဖွဲ့(၃)ဖွဲ့ဖြင့် လည်းကောင်းပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ထို့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အရေးပေါ်ဆေးအဖွဲ့သည် နေပြည်တော် ကလေးဆေးရုံကြီးတွင် အခြေပြု၍ လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံမှ အရေးပေါ်ဆေးအဖွဲ့သည် နေပြည်တော်ပြည်သူ့ဆေးရုံကြီးခုတင်(၁၀၀၀)တွင်လည်းကောင်း၊ ဖိလစ်ပိုင် PEMAT ဆေးအဖွဲ့သည် လယ်ဝေးမြို့နယ် ပြည်သူ့ဆေးရုံတွင်အခြေပြု၍လည်းကောင်း ကုသပေးခဲ့တယ်လို့ သိရပါတယ်။



