ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဗျိုက်တောင်အနောက်ဘက်ရှိ သဲကျင်းသဘာဝအလှတောင်တွင် လာရောက်လည်ပတ်သူများထံမှ ဝင်ကြေး ၁,၀၀၀ ကျပ် ကောက်ခံနေမှုအပေါ် ဒေသခံများနှင့် ခရီးသွားများအကြား မဖြစ်သင့်ကြောင်း ဝေဖန်မှုများနှင့်အတူ မေးခွန်းထုတ်မှုများ ထွက်ပေါ်လျက်ရှိသည်။ ကလောနှင့် အောင်ပန်းဒေသသို့ လာရောက်ကြသည့် ခရီးသွားအများစုမှာ ဒေသ၏ မူရင်းသဘာဝအရိုင်းဆန်သည့် ပတ်ဝန်းကျင်နှင့် ရှုခင်းများကို လေ့လာခံစားလို၍ လာရောက်ကြခြင်းဖြစ်ရာ ယခုကဲ့သို့ လူထုဧရိယာဖြစ်သည့် သဘာဝနေရာတစ်ခုတွင် ဝင်ကြေးကောက်ခံလာခြင်းအပေါ် ဒေသခံများက သဘောမကျဘဲ ဝေဖန်နေကြခြင်းဖြစ်သည်။ဒေသခံများ၏ ပြောပြချက်အရ အဆိုပါ သဲကျင်းနေရာတွင် ဝင်ကြေး ၁,၀၀၀ ကျပ် ကောက်ခံကြောင်း ဖော်ပြထားသည့် ဆိုင်းဘုတ်တစ်ခုကို စိုက်ထူကာ လာရောက်လည်ပတ်သူများထံမှ ငွေကြေးကောက်ခံမှုများ ပြုလုပ်နေကြောင်း သိရသည်။ သို့သော် ၎င်းဝင်ကြေးကောက်ခံမှုကို မည်သည့်ဌာန၊ မည်သည့်အဖွဲ့အစည်း သို့မဟုတ် မည်သူ့ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသည်ဆိုခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများဘက်မှ တရားဝင် ရှင်းလင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။ ထို့ကြောင့် ဒေသခံများက လူထုသွားလာလည်ပတ်နေသည့် သဘာဝနေရာများတွင် ငွေကြေးကောက်ခံမှုများ ပြုလုပ်ပါက မည်သည့်ခွင့်ပြုချက်ဖြင့် ကောက်ခံသည်၊ အဘယ်ကြောင့် ကောက်ခံရသည်နှင့် အဆိုပါငွေကြေးများကို မည်သည့်နေရာတွင် အသုံးပြုမည်ဆိုသည့် ရည်ရွယ်ချက်များကို ပွင့်လင်းမြင်သာစွာ အသိပေးရှင်းလင်းသင့်ကြောင်း ပြောဆိုနေကြသည်။
ရှမ်းပြည်နယ်၊ကလောမြို့၌ လည်ပတ်သူများပြားလာသည့် ရှိ သဲကျင်းသဘာဝအလှတောင်တွင် ဝင်ကြေးကောက်ခံနေမှုအပေါ် ဒေသခံများ မေးခွန်းထုတ်နေ
Jul 09 • 4:19 AM
Myanmar
Shan
Share
| 11 | 0 | 0 | 0 |


