ကယား(ကရင်နီ)နယ်စပ် ဖားဆောင်းမြို့နယ် မော်ချီးဒေသတွင် မိုးရာသီကာလအတွင်း လမ်းများ ပျက်စီးယိုယွင်းနေသဖြင့် ဒေသခံများ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ လမ်းခရီး ပျက်စီးမှုများကြောင့် ကုန်စည်စီးဆင်းရန် ခက်ခဲနေပြီး ယခင်က တစ်ရက်သာ ကြာမြင့်သည့် ခရီးစဉ်မှာ ယခုအခါ တစ်ပတ်ခန့်အထိ အချိန်ပေး သွားလာနေရသဖြင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်ကာ ဆေးဝါးများပါ ရှားပါးပြတ်လပ်လျက်ရှိသည်။လက်ရှိတွင် မော်ချီးဒေသအတွင်းသို့ ကုန်စည်များ ဝင်ရောက်နိုင်ရန် ခက်ခဲနေသောကြောင့် ဆေးဝါးနှင့် အခြေခံစားသောက်ကုန်များ အရေးပေါ် လိုအပ်နေသည်။ လမ်းခရီး ကြန့်ကြာမှုများကြောင့် ကုန်တင်မော်တော်ယာဉ်မောင်းများသည် လမ်းခုလတ်၌ ညအိပ်စောင့်ဆိုင်းကာ အတက်အဆင်းယာဉ်များကို ကူညီပေးနေရပြီး၊ ဇွန်လအတွင်း လမ်းတွင် ညအိပ်ကားမောင်းခဲ့ရသည့် ကားသမားများထဲ၌ ခြင်ကိုက်ခံရမှုကြောင့် ငှက်ဖျားရောဂါ ကူးစက်ခံရသူ ဆယ်ဦးထက်မနည်း ရှိနေကြောင်း သိရသည်။



