ပြည်တွင်းမော်တော်ယာဉ်လိုင်းများ၏ ကုန်စည်သယ်ယူခတန်ဆာခများ မြင့်မားလာခြင်းကြောင့် ရန်ကုန်-မန္တလေး ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် စရိတ်ကုန်ကျမှုသက်သာသည့် မီးရထားကို ပိုမိုမှီခိုအသုံးပြုလာကြသည်။ လမ်းခရီးလုံခြုံရေးအရ ကုန်ပစ္စည်းသယ်ယူခွင့်ကန့်သတ်ချက်များပြားခြင်းနှင့် စက်သုံးဆီအခက်အခဲများကို အကြောင်းပြကာ မော်တော်ယာဉ်လိုင်းများက ကုန်စည်ပို့ဆောင်ခများကို ပြီးခဲ့သည့်နှစ်ကထက် အနည်းဆုံး ၂ ဆမှ ၅ ဆအထိ တိုးမြှင့်ကောက်ခံလာခြင်းဖြစ်သည်။မော်တော်ယာဉ်များဖြင့် ပို့ဆောင်ရာတွင် လမ်းခရီးတစ်လျှောက် စစ်ဆေးမှုများကြောင့် ကုန်ပစ္စည်းပျောက်ဆုံးမှုများပြားခြင်းနှင့် တန်ဆာခအဆမတန်ကြီးမြင့်ခြင်းတို့ကြောင့် လုပ်ငန်းရှင်များက ကားထက် ရထားကို ပိုမိုရွေးချယ်လာကြခြင်းဖြစ်သည်။ ရထားဖြင့်ပို့ဆောင်ပါက အချိန်ပိုမိုပေးရသော်လည်း ကုန်ကျစရိတ်သက်သာပြီး ပစ္စည်းပျောက်ဆုံးပျက်စီးမှု နည်းပါးကြောင်း သိရသည်။ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးဂိတ်အချို့တွင် ကုန်ပစ္စည်းအမျိုးအစားနှင့် အရွယ်အစားအလိုက် ဈေးဖြတ်ကောက်ခံမှုများရှိသလို အချို့ဂိတ်များတွင် ကုန်ပစ္စည်းတန်ဖိုး၏ ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ ဈေးဖြတ်ကောက်ခံမှုများ ရှိနေသည်။



