back

ရှမ်းပြည်နယ်၌ ယခုနှစ်တွင် နာနတ်သီးအထွက်နှုန်း လျော့နည်းသော်လည်း ဈေးကွက်လိုအပ်ချက်ကြောင့် ဈေးကောင်းရရှိနေ

Jul 07 • 4:09 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၌ ယခုနှစ်တွင် နာနတ်သီးအထွက်နှုန်း လျော့နည်းသော်လည်း ဈေးကွက်လိုအပ်ချက်ကြောင့် ဈေးကောင်းရရှိနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ဒေသတွင် ယခုနှစ်၌ နာနတ်သီးအထွက်နှုန်းမှာ ရာသီဥတုနှင့် စိုက်ပျိုးမှုအခြေအနေများကြောင့် ယခင်နှစ်ထက် လျော့နည်းခဲ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ဒေသတွင် ယခုနှစ်၌ နာနတ်သီးအထွက်နှုန်းမှာ ရာသီဥတုနှင့် စိုက်ပျိုးမှုအခြေအနေများကြောင့် ယခင်နှစ်ထက် လျော့နည်းခဲ့သော်လည်း ဈေးကွက်လိုအပ်ချက် မြင့်မားနေခြင်းကြောင့် နာနတ်သီးဈေးနှုန်းများ မြင့်တက်ကာ ဈေးကောင်းရရှိနေကြောင်း ဇူလိုင်လ ၇ ရက်နေ့တွင် သိရသည်။ ပြီးခဲ့သည့်နှစ်က နာနတ်သီးတစ်လုံးလျှင် ငွေကျပ် ၁,၃၀၀ မှ ၁,၅၀၀ ဝန်းကျင်သာ ရရှိခဲ့သော်လည်း ယခုနှစ်တွင် အထွက်နှုန်းနည်းသွားသည့်အတွက် တစ်လုံးလျှင် ငွေကျပ် ၂,၀၀၀ မှ ၂,၃၀၀ အထိ ဈေးကောင်းရရှိနေခြင်းဖြစ်ကြောင်း ဒေသခံစိုက်ပျိုးတောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။ လက်ရှိတွင် အဝယ်ဒိုင်ပွဲစားများက ကျေးရွာများအထိ ကိုယ်တိုင်လာရောက်ဝယ်ယူနေကြပြီး ၎င်းနာနတ်သီးများကို တောင်ကြီးမြို့နှင့် ဒေသတွင်းဈေးကွက်များအပြင် ရန်ကုန်မြို့အထိပါ အဓိက တင်ပို့ဖြန့်ဖြူးရောင်းချလျက် ရှိသည်။တောင်သူများအနေဖြင့် လက်ရှိတွင် သယ်ယူပို့ဆောင်ရေးစရိတ်နှင့် စိုက်ပျိုးထုတ်လုပ်မှုစရိတ်များ မြင့်မားနေသော်လည်း ယခုရရှိသည့် ဈေးနှုန်းအရ တွက်ခြေကိုက်နေကြပြီး ရှေ့လျှောက် ဈေးကွက်တည်ငြိမ်ရန် မျှော်လင့်နေကြသည်။ ထို့ပြင် နာနတ်သီးအထွက်များသည့် ကာလများတွင် ကြုံတွေ့ရလေ့ရှိသည့် အသီးသေးခြင်းနှင့် နေပူဒဏ်ကြောင့် ပုပ်ပွပျက်စီးခြင်း အခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် နာနတ်သီးယို၊ ဖျော်ရည်နှင့် အခြားတန်ဖိုးမြှင့် ကုန်ချောများ ထုတ်လုပ်နိုင်မည့် နည်းပညာနှင့် အိမ်တွင်းမှုလုပ်ငန်းဆိုင်ရာ သင်တန်းများ ပံ့ပိုးပေးစေလိုကြောင်း တိုက်တွန်းထားကြသည်။ ထို့အတူ စားသုံးသူနှင့် စိုက်ပျိုးသူ နှစ်ဦးနှစ်ဖက်စလုံးအတွက် မျှတပြီး တည်ငြိမ်သည့် ဈေးကွက်တစ်ခု ဖြစ်ပေါ်လာစေရန်နှင့် ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် ကုန်သည်ပွဲစားများ ပိုမိုဝင်ရောက်လာရန် လိုအပ်နေကြောင်းလည်း ဒေသခံတောင်သူများက ပြောကြားထားသည်။

news-view-count-icon

12