မြန်မာ့လက်ရွေးစင် အမျိုးသမီးတိုက်စစ်ကစားသမား မေထက်လူသည် သူမ၏ ပညာရေးခရီးလမ်းနှင့် ကွင်းပြင်ပ ကိုယ်ပိုင်လုပ်ငန်းတာဝန်များကြောင့် လက်ရှိချန်ပီယံ ဧရာဝတီအမျိုးသမီးအသင်း၏ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် ၃ ပွဲအထိ လွဲချော်မည်ဖြစ်ပြီး ဇူလိုင်လကုန်ခါနီးမှသာ အသင်းနှင့် ပြန်လည်ပူးပေါင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ မေထက်လူ လွဲချော်မည့် ပွဲစဉ်များမှာ ဇူလိုင်လ ၈ ရက်တွင် ယှဉ်ပြိုင်ရမည့် ဇွဲကပင်ယူနိုက်တက်အသင်းနှင့် ပွဲစဉ် (၄)၊ ဇူလိုင်လ ၁၄ ရက်တွင် ယှဉ်ပြိုင်ရမည့် မြဝတီအသင်းနှင့် ပွဲစဉ် (၅) နှင့် ဇူလိုင်လ ၂၀ ရက်တွင် ယှဉ်ပြိုင်ရမည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ပွဲစဉ် (၆) တို့ ဖြစ်ကြသည်။ ဧရာဝတီအမျိုးသမီးအသင်းသည် ယခုရာသီ ပွဲစဉ် (၂) အထိ အမှတ်ပေးဇယားထိပ်ဆုံးတွင် ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲစဉ် (၃) တွင် ISPE အသင်းကို ရှုံးနိမ့်ခဲ့ရသည့်အတွက် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ဖယ်ပေးထားရပြီးနောက် ယခုကဲ့သို့ အဓိကတိုက်စစ်မှူးဖြစ်သူ မေထက်လူပါ ပွဲစဉ်အချို့ လွဲချော်မည့် အခြေအနေနှင့် ရင်ဆိုင်နေရခြင်း ဖြစ်ကြောင်း သိရသည်။



