တုံကင်ပင်လယ်ကွေ့ အနောက်မြောက်ဘက်တွင် ဖြစ်ပေါ်နေသော အားကောင်းသည့် အပူပိုင်းမုန်တိုင်း "မိုင်ဆက်ခ်" (Maysak)၊ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းရှိ အားကောင်းသော လေဖိအားနည်းရပ်ဝန်းနှင့် အားအလွန်ကောင်းနေသော မုတ်သုံလေတို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းနှင့် ပြည်နယ် ၉ ခုတွင် ဇူလိုင် ၅ ရက် မွန်းတည့်ပိုင်းအထိ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုးဇလ) ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယင်းကဲ့သို့ မိုးလေဝသအခြေအနေများကြောင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးကြီးနိုင်သဖြင့် ပြည်သူများ သတိပြုကြရန် နှိုးဆော်ထားသည်။



