ပြည်တွင်း၌ အလှမွေးငါးဝါသနာရှင်များနှင့် ပြည်သူများအကြား ရေပန်းစားသည့် တိုက်ငါး (Betta Fish) များကို သက်ရှိအရှင်အတိုင်း မည်သည့်အမျိုးအစားပါဝင်သည်ကို ကြိုတင်မသိရှိနိုင်သော Blind Box စနစ်ဖြင့် ကတ်ထူသေတ္တာများအတွင်း ထည့်သွင်းရောင်းချနေမှုအပေါ် လူမှုကွန်ရက်တွင် ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်မှုများ ထွက်ပေါ်နေသည်။ အဆိုပါရောင်းချမှုကို Thar Thar Betta Farm အမည်ဖြင့် အွန်လိုင်းအခြေစိုက်ထားသည့် "Nemo Fish Shop" လူမှုကွန်ရက်စာမျက်နှာတွင် ရုပ်သံဖိုင်ဖြင့် ကြော်ငြာခဲ့ခြင်းဖြစ်ပြီး၊ အင်ဒိုနီးရှားတွင် ခေတ်စားခဲ့ကာ မြန်မာနိုင်ငံ၏ ပထမဦးဆုံး အလှမွေးငါးအရှင် Blind Box ဖြစ်သည်ဟု မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ ယင်းအပေါ် ငါးဝါသနာရှင်များနှင့် ပြည်သူများက သက်ရှိသတ္တဝါများကို အရုပ်ကဲ့သို့ သဘောထားကာ စီးပွားရေးအမြတ်အစွန်းအတွက် ရက်စက်သည့် စျေးကွက်ရှာဖွေရေးဗျူဟာ (Marketing Strategy) အသုံးပြုခြင်းဖြစ်ကြောင်း ဒေါသတကြီး ဝေဖန်ခဲ့ကြသည်။ အလှမွေးငါးမွေးမြူသူများ၏ ထောက်ပြချက်အရ တိုက်ငါးများသည် အောက်ဆီဂျင်စက်မလိုသော်လည်း အလုံပိတ်သေတ္တာများအတွင်း ရက်ရှည်အမှောင်ချခံရပါက ရေအပူချိန်ပြောင်းလဲခြင်းနှင့် အောက်ဆီဂျင်ပြတ်လပ်ခြင်းတို့ ဖြစ်နိုင်သည့်အပြင်၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွင် ဘူးများဖိညှပ်မိ၍ ရေအိတ်ပေါက်ပြဲခြင်းနှင့် အပူချိန်လွန်ကဲခြင်းတို့ကြောင့် လမ်းခရီး၌ ငါးများသေဆုံးနိုင်ခြေများပြားသဖြင့် သက်ရှိများကို နှိပ်စက်ရာရောက်ကြောင်း သိရသည်။
ပြည်တွင်း၌ သက်ရှိ Betta fish များကို Blind Box စနစ်ဖြင့် အရုပ်ကဲ့သို့ ကံစမ်းမဲနှိုက်ရောင်းချသည့် Nemo Fish Shop ဆိုင်ရှင်ဝေဖန်ခံနေရ
Jun 29 • 1:31 AM
Myanmar
Local
Share
| 513 | 0 | 0 | 0 |


