ချင်းလူငယ် ပန်းချီအနုပညာရှင်တစ်ဦးဖြစ်သည့် Artist Pau Za Langh ၏ ပထမဆုံးသော တစ်ကိုယ်တော် ပန်းချီပြပွဲကို “Between” ဟုအမည်ပေးကာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ တောင်လှေကား-Home Art Gallery တွင် လာမည့် ဇူလိုင်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြပွဲတွင် ခေတ်ဟောင်းဘိုးဘေးတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ (Traditional) နှင့် ခေတ်သစ်လူငယ်တစ်ဦး၏ ခံစားမှုအမြင် (Contemporary) တို့ကို ပေါင်းစပ်ဖန်တီးထားသည့် ချင်းရိုးရာအငွေ့အသက် အဓိကဖော်ညွှန်းသော ရေဆေးပန်းချီကားပေါင်း ၅၅ ကား ပြသသွားမည်ဖြစ်သည်။ ယင်းပြပွဲ၌ အဓိကစီးရီးတစ်ခုဖြစ်သော "Echoes in the stone (Animals) series" တွင် ရှေးခေတ်နတ်ကိုးကွယ်မှု (Animism) ဆိုင်ရာ ကျောက်စာ (Mualsuang) များပေါ်မှ တိရစ္ဆာန်ပုံသင်္ကေတများနှင့် ချင်းတောင်တန်းဒေသရှိ သဘာဝတောရိုင်းတိရစ္ဆာန်များကို “အတိတ် – လက်ရှိ – ဆုံးရှုံးမှု” ဟူသည့် အဓိပ္ပာယ်အလွှာ ၃ ဆင့်ဖြင့် ပေါင်းစပ်ဖွဲ့စည်း ရေးဆွဲထားကြောင်း သိရသည်။ ပန်းချီဆရာ Pau Za Langh သည် မန္တလေးအမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (NUAC) မှ ပန်းချီအထူးပြုဖြင့် ဘွဲ့ရရှိထားသူဖြစ်ပြီး ယခုပြပွဲကို တောင်လှေကား-Home Art Gallery က ပံ့ပိုးကူညီကျင်းပပေးခြင်းဖြစ်ကြောင်း သိရသည်။



