ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်တန်ဖိုး သတ်မှတ်အကဲဖြတ်သည့် consultancy လုပ်ငန်းတစ်ခုဖြစ်သော "Brand Finance" ၏ နောက်ဆုံးထွက်ရှိလာသည့် လေ့လာမှုအစီရင်ခံစာအရ ဒူဘိုင်းမြို့၏ ဒေသအမှတ်တံဆိပ်တန်ဖိုး (Place brand value) သည် ဒါရဟမ် ၁ ထရီလီယံ (AED 1 trillion / ကန်ဒေါ်လာ ၂၇၂ ဘီလီယံခန့်) နီးပါးအထိ စံချိန်တင် မြင့်တက်လာပြီး ကမ္ဘာ့ဩဇာအရှိဆုံးနှင့် တန်ဖိုးအကြီးဆုံး မြို့ပြအမှတ်တံဆိပ်များစာရင်းတွင် အဆင့် ၅ နေရာသို့ တက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။
ယခုအောင်မြင်မှုတွင် ဒူဘိုင်း၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးဌာန (Digital Dubai) သည် အဓိကမောင်းနှင်အားအဖြစ် ပါဝင်ခဲ့ပြီး မြို့ပြတစ်ခုလုံး၏ တန်ဖိုးအနက် ဒါရဟမ် ၃၁ ဘီလီယံ (ကန်ဒေါ်လာ ၈.၅ ဘီလီယံခန့်) ကို ဒစ်ဂျစ်တယ်ကဏ္ဍတစ်ခုတည်းက ရှာဖွေပံ့ပိုးပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ Digital Dubai သည် ကမ္ဘာ့ထိပ်တန်း ဒစ်ဂျစ်တယ်အစိုးရအဖွဲ့အစည်းများစာရင်းတွင် "AA+" အဆင့် သတ်မှတ်ခြင်းခံရပြီး မြို့ပြအမှတ်တံဆိပ်စွမ်းအားညွှန်းကိန်း (City Brand Strength Index) တွင်လည်း ဒူဘိုင်းမြို့ကို ရမှတ် ၁၀၀ လျှင် ၈၆ မှတ်အထိ ရရှိအောင် မြှင့်တင်ပေးနိုင်ခဲ့သည်။ ထို့ကြောင့် ဒူဘိုင်းသည် ယခင်ကမ္ဘာ့အဆင့် ၇ နေရာမှ အဆင့် ၅ နေရာသို့ ခုန်တက်သွားနိုင်ခြင်း ဖြစ်သည်။Brand Finance ၏ CEO ဖြစ်သူ David Haigh က ခိုင်မာစိတ်ချရသော ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများသည် လက်ရှိခေတ်တွင် မြို့ပြတစ်ခု၏ ဂုဏ်သတင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးသည့် အဓိကသော့ချက်ဖြစ်လာကြောင်း ထောက်ပြခဲ့သည်။ ဒူဘိုင်းမြို့သည် ပြည်တွင်းနေထိုင်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား ယုံကြည်မှုနှင့် နာမည်ကောင်းရရှိမှု (Trust and reputation) ကဏ္ဍတွင် ၁၀ မှတ်လျှင် ၈.၄ မှတ်အထိ ရရှိထားပြီး၊ လုပ်ထုံးလုပ်နည်းရှုပ်ထွေးမှု လျှော့ချနိုင်ခြင်း၊ တီထွင်ဆန်းသစ်မှုရှိခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် စီးပွားရေးလုပ်ကိုင်ရလွယ်ကူခြင်း စသည့်အချက်များကြောင့် ကမ္ဘာတစ်ဝှမ်းမှ ကုမ္ပဏီကြီးများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် အရည်အချင်းရှိလုပ်သားများကို ဆွဲဆောင်နိုင်ရာတွင် အရှိန်အဟုန် ကောင်းမွန်လျက်ရှိကြောင်း သုံးသပ်ထားသည်။


