တနင်္သာရီတိုင်းသို့ မုတ်သုန်လေ စတင်ဝင်ရောက်ခဲ့သည့် မေလလယ်မှ ဇွန်လအထိ မိုးဦးကျကာလအတွင်း ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့တွင် ရေနစ်သေဆုံးသူ ၇ ဦးအထိ ရှိလာကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။ ပြီးခဲ့သည့်ဇွန်လ ၁၇ ရက်က ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ သတ္တုတွင်းကျင်းဟောင်းရေကန်တွင် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့သလို၊ မေလအတွင်းကလည်း သရက်ချောင်းနှင့် လောင်းလုံးမြို့နယ်တို့တွင် ဆယ်ကျော်သက်နှင့် ကလေးငယ် ကျောင်းသား ၄ ဦး ရေကစားရင်း ရေနစ်သေဆုံးခဲ့သည်။ ထို့ပြင် မြိတ်မြို့ ဓနိတောအစပ်တွင် စိတ်ကျန်းမာရေးမကောင်းသည့် အမျိုးသမီးတစ်ဦးနှင့် ပုလောမြို့နယ် ကျောက်လိပ်ရေတံခွန်တွင် အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။ တနင်္သာရီတိုင်းသည် မိုးများသည့်ဒေသဖြစ်ပြီး မိုးရာသီတွင် ရေတံခွန်နှင့် ရေအိုင်များသို့ လည်ပတ်ရာ၌ ရေနစ်ခြင်း၊ ရေကြီးခြင်းဘေးအန္တရာယ်များ ရှိနိုင်သဖြင့် အထူးဂရုစိုက်ကြရန် ဒေသခံများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးနှိုးဆော်ထားသည်။



