ထိုင်းနိုင်ငံရဲ့ ကွန်ဒိုမီနီယံစျေးကွက်မှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ဖို့အတွက် ပိုင်ဆိုင်ခွင့်အပိုင်းကို တိုးမြှင့်ပေးဖို့ စဉ်းစားနေတာနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်လို့ အိမ်ခြံမြေကျွမ်းကျင်သူတွေက ထောက်ပြနေကြပါတယ်။ ထိုင်းနိုင်ငံရဲ့ အခုလက်ရှိ စည်းမျဉ်းတွေဟာ တရုတ်နိုင်ငံလို တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် အရမ်းလျော့ရဲလွန်းနေတာကြောင့် ပြည်တွင်းက လူထုအတွက် အိမ်ရာဝယ်ယူနိုင်ခွင့်ကို ထိခိုက်စေနိုင်ပြီး စျေးကွက်ကစားတာတွေကိုပဲ အားပေးသလို ဖြစ်နေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။အိမ်ခြံမြေ သုတေသနအဖွဲ့ (AREA) ရဲ့ ဥက္ကဋ္ဌ ဒေါက်တာ သော့ပုံ ပွန်ချော့ချိုင်းက ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား ဝယ်ယူသူတွေအတွက် အနည်းဆုံး ဝယ်ယူရမယ့် စျေးနှုန်း သတ်မှတ်ချက် မရှိတာဟာ ပြည်တွင်းက စျေးနှုန်းသက်သာတဲ့ ကွန်ဒိုတွေကို နိုင်ငံခြားသားတွေ ဝင်ရောက်လုဝယ်သလို ဖြစ်နေစေတယ်လို့ ဆိုပါတယ်။ စစ်တမ်းတွေအရ ဘန်ကောက်နဲ့ ပတ်ဝန်းကျင်မှာ နိုင်ငံခြားသားတွေ ဝယ်ယူတဲ့ ကွန်ဒိုတွေရဲ့ သုံးပုံနှစ်ပုံလောက်ဟာ ဘတ် ၅ သန်းအောက် တန်ဖိုးရှိတဲ့ အိမ်ရာတွေ ဖြစ်နေတာကြောင့် ပြည်တွင်းက လူလတ်တန်းစားတွေနဲ့ အပြိုင်အဆိုင် ဖြစ်နေရတာကို တွေ့ရပါတယ်။



