ဂျာမနီအမျိုးသားဘောလုံးအသင်းသည် ၂၁ ရာစုအတွင်း ကျင်းပခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ပြိုင်ပွဲဝင်အသင်းတစ်သင်းအား (၇) ဂိုးနှင့်အထက် (၃) ကြိမ်တိုင်တိုင် သွင်းယူအနိုင်ရရှိခဲ့သည့် သမိုင်းတစ်လျှောက် ပထမဆုံးသောအသင်းအဖြစ် စံချိန်သစ်တင် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ဂျာမနီအသင်းသည် မနေ့က ယှဉ်ပြိုင်ကစားခဲ့သော ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကူရာဆာ (Curacao) အသင်းကို ၇ ဂိုး ၁ ဂိုး (၇-၁) ဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့ပြီးနောက် ယခုကဲ့သို့ စံချိန်ကောင်းကို ပိုင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်သည်။ ဂျာမနီအသင်းသည် ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလား အုပ်စုအဆင့်တွင် ဆော်ဒီအာရေဗျအသင်းကို ၈ ဂိုး ၀ ဂိုး (၈-၀)၊ ၂၁ ရာစု၏ အကောင်းဆုံးပွဲတစ်ပွဲဖြစ်ခဲ့သည့် ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်တွင် အိမ်ရှင် ဘရာဇီးလ်အသင်းကို ၇ ဂိုး ၁ ဂိုး (၇-၁) တို့ဖြင့် အနိုင်ရရှိခဲ့ဖူးပြီး ယခု ကူရာဆာအသင်းကို ၇ ဂိုးသွင်းယူမှုမှာ တတိယအကြိမ်မြောက် ဖြစ်လာခဲ့သည်။ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးအပြတ်ဆုံးပွဲများအဖြစ် ၁၉၈၂ ခုနှစ်က ဟန်ဂေရီ (၁၀-၁) အယ်လ်ဆယ်လ်ဗာဒေါ၊ ၁၉၅၄ ခုနှစ်က ဟန်ဂေရီ (၉-၀) တောင်ကိုရီးယားနှင့် ၁၉၇၄ ခုနှစ်က ယူဂိုဆလားဗီးယား (၉-၀) ဇိုင်ယာ ပွဲစဉ်များက မှတ်တမ်းဝင်ထားဆဲဖြစ်သည်။သို့သော်လည်း ဂျာမနီအသင်းသည် အဆိုပါပွဲစဉ်အပြီးတွင် ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက်လုံး၌ ဂိုးသွင်းအများဆုံးအသင်းအဖြစ်ပါ စံချိန်သစ်ထပ်မံစိုက်ထူနိုင်ခဲ့သည်။ ယခင်က ဘရာဇီးလ်အသင်းက စုစုပေါင်း သွင်းဂိုး (၂၃၈) ဂိုးဖြင့် သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးအသင်းအဖြစ် ရပ်တည်နေခဲ့သော်လည်း ယခုအခါ ဂျာမနီအသင်းက စုစုပေါင်းသွင်းဂိုး (၂၃၉) ဂိုးအထိ ရှိလာခဲ့သဖြင့် ဘရာဇီးလ်အသင်း၏ စံချိန်ကို ကျော်ဖြတ်ကာ ထိပ်ဆုံးသို့ တက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။
၂၁ ရာစု ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် (၇) ဂိုးနှင့်အထက် (၃) ကြိမ် သွင်းယူနိုင်သည့် ပထမဆုံးအသင်းအဖြစ် ဂျာမနီ မှတ်တမ်းဝင်
Jun 15 • 2:28 AM
Myanmar
International
Share
| 29 | 0 | 0 | 0 |


