ကပ္ပလီပင်လယ်ပြင်နှင့် ထိုင်းပင်လယ်ကွေ့ဘက်မှ မုတ်သုံလေစီးကြောင်းများ ပိုမိုအားကောင်းလာမှုကြောင့် ဘန်ကောက်မြို့အပါအဝင် ထိုင်းနိုင်ငံဒေသအနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ထိုင်းနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (TMD) က သတိပေးချက် ထုတ်ပြန်ထားသည်။ ထိုမုတ်သုံလေအားကောင်းမှုကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသတို့တွင် မိုးကြီးခြင်း၊ မိုးသက်မုန်တိုင်းကျခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဆက်တိုက်ဖြစ်ပွားနိုင်သည်။ထို့ကြောင့် တောင်ကုန်း၊ တောင်စောင်းနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများအနေဖြင့် ရုတ်တရက်ရေကြီးခြင်းနှင့် တောင်ကျရေလျှံခြင်းများကို အထူးဂရုပြု ကြိုတင်ပြင်ဆင်ထားရန် တိုက်တွန်းထားသည်။ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲခြင်း၊ ဆိုင်းဘုတ်ပြိုကျခြင်းများ ရှိနိုင်သဖြင့် အဆောက်အအုံဟောင်းများနှင့် သစ်ပင်ကြီးများအနီး သွားလာခြင်းမပြုရန်၊ အပြင်ထွက်ပါက ထီးနှင့် မိုးကာအင်္ကျီများ ယူဆောင်သွားရန်နှင့် ရာသီဥတုအကူးအပြောင်းတွင် ကျန်းမာရေးဂရုစိုက်ကြရန် သတိပေးထားကြောင်း သိရသည်။
Jun 15 • 1:54 AM
Thailand
Local News
Share
| 16 | 0 | 0 | 0 |


