K-pop လောက၏ ဂန္ထဝင်အဖွဲ့တစ်ဖွဲ့ဖြစ်သော BIGBANG အဖွဲ့သည် ၎င်းတို့၏ ပွဲဦးထွက် (Debut) အနှစ် ၂၀ ပြည့် မြောက်ခြင်း အထိမ်းအမှတ်အဖြစ် လာမည့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလမှ စတင်ကာ ကမ္ဘာလှည့် ဖျော်ဖြေပွဲကြီး (World Tour) တစ်ရပ်ကို ကျင်းပသွားမည်ဖြစ်ကြောင်း ဇွန်လ ၁၁ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ World Tour ဖျော်ဖြေပွဲကြီးကို ဆိုးလ်မြို့တော်၌ စတင်ကျင်းပသွားမည်ဖြစ်ပြီး ဂျပန်၊ တရုတ်၊ အရှေ့တောင်အာရှ ဒေသများအပြင် မြောက်အမေရိကနှင့် ဥရောပရှိ မြို့ကြီးများသို့ပါ သွားရောက်ဖျော်ဖြေရန် စီစဉ်ထားသည်။
ယခုဖျော်ဖြေပွဲသည် အဖွဲ့ဝင်များဖြစ်ကြသည့် G-Dragon၊ Taeyang နှင့် Daesung တို့ သုံးဦးတည်းဖြင့် ပထမဆုံးအကြိမ် ပူးပေါင်းတင်ဆက်မည့် အကြီးစား ဖျော်ဖြေပွဲဖြစ်ပြီး၊ BIGBANG ၏ အနှစ် ၂၀ ကြာ သီချင်းကောင်းများနှင့် စင်မြင့်ထက် ဖျော်ဖြေတင်ဆက်မှုများကို စောင့်မျှော်နေကြသည့် ကမ္ဘာတစ်ဝှမ်းရှိ "VIP" (BIGBANG Fanclub) များအကြားတွင် စိတ်လှုပ်ရှားမှုများနှင့်အတူ အကြီးအကျယ် ရေပန်းစားလျက်ရှိသည်။ အသေးစိတ် ဖျော်ဖြေမည့် ရက်စွဲများနှင့် နေရာများကိုမူ နောက်ပိုင်းတွင် ထပ်မံထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။


