ဂျပန်နိုင်ငံ အိုဆာကာစီရင်စုရဲတပ်ဖွဲ့သည် လူမှုကွန်ရက် (SNS) စာမျက်နှာများကို အသုံးပြုကာ အမျိုးသမီး ၃ ဦးထံမှ ငွေကြေးလိမ်လည်မှုဖြင့် အသက် ၂၉ နှစ်အရွယ် ဂိုဏ်းခေါင်းဆောင် ဆင်ဂို မတ်ဆူမူရာ (Shingo Matsumura) အပါအဝင် သံသယရှိသူ ၄၁ ဦးကို ဖမ်းဆီးလိုက်သည်။ ၎င်းတို့အဖွဲ့သည် ပြီးခဲ့သည့်နှစ်အတွင်း ဂျပန်တစ်နိုင်ငံလုံးရှိ ပြည်သူပေါင်း ၂,၃၀၀ ခန့်ထံမှ စုစုပေါင်း ဂျပန်ယန်း ၆၅၀ သန်း (အမေရိကန်ဒေါ်လာ ၄.၀၅ သန်းခန့်) ကို လိမ်လည်ခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ယုံကြည်ထားသည်။
အဆိုပါ လိမ်လည်သူများသည် ပွဲစားများထံမှ Follower များပြားသည့် လူမှုကွန်ရက်အကောင့်များကို ဝယ်ယူပြီး နာမည်ကြီး Influencer များအသွင် ဟန်ဆောင်ကာ သားကောင်များကို ရှာဖွေခဲ့ကြသည်။ ထို့နောက် အချိန်ပိုင်းအလုပ် (Side-job) လုပ်ကိုင်ပါက ဝင်ငွေအမြောက်အမြား ရရှိနိုင်မည်ဟု မက်လုံးပေးကာ အလုပ်မစတင်မီ လေ့ကျင့်ရေးသင်တန်းကြေး (Training courses) များ ဦးစွာပေးသွင်းခိုင်းသည့် နည်းလမ်းဖြင့် လိမ်လည်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ရဲတပ်ဖွဲ့က ၎င်းတို့အခြေစိုက်ရာ နေရာအမြောက်အမြားကို ဝင်ရောက်စီးနင်းပြီး စမတ်ဖုန်းများနှင့် ကွန်ပျူတာများကို သက်သေခံအဖြစ် သိမ်းဆည်းထားကာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသည်။


