ထိုင်းနိုင်ငံ၊ ပထုံထာနီ (Pathum Thani) ပြည်နယ်၊ လတ်လွန်ကေအို (Lat Lum Kaeo) ရဲစခန်းနယ်မြေရှိ နေအိမ်တစ်လုံးတွင် အသက် ၄၃ နှစ်အရွယ် မြန်မာအလုပ်ပွဲစား အမျိုးသမီးတစ်ဦးဖြစ်သူ မတင်နွယ်မာဝင်းသည် ဇွန်လ ၆ ရက်နေ့ ညပိုင်းက ရက်ရက်စက်စက် သတ်ဖြတ်ခြင်းခံခဲ့ရသည်။ သေဆုံးသူ၏ ရုပ်အလောင်းအား အိပ်ခန်းအတွင်း ခါးအထက်ပိုင်း ဗလာကျင်းလျက် လည်ပင်းတွင် ပုဝါပတ်ထားပြီး ဦးခေါင်း၌ မာကျောသောအရာဖြင့် ရိုက်နှက်ခံထားရသည့် ဒဏ်ရာ ၃ ချက်မှ ၄ ချက်ခန့်ဖြင့် သွေးအိုင်ထဲတွင် တွေ့ရှိခဲ့ရသည်။ အခင်းဖြစ်ပွားရာအနီး ရေချိုးခန်းရေပုံးထဲမှ လူသတ်မှုတွင် အသုံးပြုခဲ့သည်ဟု ယူဆရသည့် တူတစ်ချောင်းနှင့် ဓားတစ်ချောင်းကို ရဲတပ်ဖွဲ့က သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့သည်။အဆိုပါရုပ်အလောင်းကို အလုပ်မှ ည ၁၀ နာရီဝန်းကျင်တွင် အိမ်ပြန်ရောက်လာသူ သေဆုံးသူ၏ အသက် ၁၆ နှစ်အရွယ် သားဖြစ်သူက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းက အရေးပေါ်အသက်ကယ်ပြုစုနည်း (CPR) ဖြင့် ကယ်တင်ရန် ကြိုးပမ်းကာ ကယ်ဆယ်ရေးအဖွဲ့များကို အကြောင်းကြားခဲ့သော်လည်း အချိန်နှောင်းသွားခဲ့ပြီဖြစ်သည်။ သေဆုံးသူ အမျိုးသမီးမှာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများကို အလုပ်ရှာဖွေပေးသည့် ပွဲစားတစ်ဦးအဖြစ် လုပ်ကိုင်နေသူဖြစ်သည်။လူသတ်မှုကျူးလွန်ရသည့် အကြောင်းရင်းကို အတိအကျ မသိရသေးသော်လည်း သေဆုံးသူ၏သားဖြစ်သူက လွန်ခဲ့သည့် ၂ ပတ်ကျော်ခန့်က မိခင်ဖြစ်သူ ကိုယ်တိုင်သွားရောက်ခေါ်ဆောင်လာပြီး အလုပ်ရရန် စောင့်ဆိုင်းရင်း ၎င်းတို့နှင့်အတူ နေထိုင်နေသည့်၊ အခင်းဖြစ်ပြီးနောက် ပျောက်ဆုံးသွားခဲ့သူ မြန်မာလူငယ်တစ်ဦးကို သံသယရှိနေသည်။ ၎င်းလူငယ်မှာ အတူနေထိုင်စဉ်အတွင်း စကားပြောဆိုဖူးခြင်းမရှိသလို နာမည်လည်း မသိရကြောင်း သားဖြစ်သူက ထွက်ဆိုထားပြီး လတ်တလောတွင် ထိုင်းရဲတပ်ဖွဲ့က တရားခံကို ဖမ်းဆီးရမိရေးအတွက် အပူတပြင်း စုံစမ်းထောက်လှမ်းလျက်ရှိကြောင်း သိရသည်။



