တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ပန်းတင်လမ်းမကြီးရှိ နေအိမ်တစ်လုံးမှ မေလ ၃ ရက်က ရွှေထည်ပစ္စည်းများ၊ ဖုန်းများနှင့် နာရီများ ဖောက်ထွင်းခိုးယူခံရသည့်အမှုကို ရဲတပ်ဖွဲ့က စုံစမ်းနေစဉ် မေလ ၂၇ ရက်တွင် "Mi Poe" အမည်ရှိ TikTok အကောင့်တစ်ခု၌ ခိုးရာပါ MK အမျိုးအစား နာရီကို ဝတ်ဆင်ကာ ဗီဒီယိုတင်ထားသည်ကို တွေ့ရှိရာမှတစ်ဆင့် ခိုးမှုတရားခံများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ယနေ့ ဇွန်လ ၆ ရက်တွင် သိရသည်။ TikTok ဆော့သူ အမျိုးသမီးကို စစ်ဆေးရာ အဆိုပါနာရီမှာ ၎င်း၏ချစ်သူ အေးသာယာမြို့နေ ရဲနောင်က ပေးဝတ်ထားခြင်းဖြစ်ကြောင်း ပေါ်ပေါက်သဖြင့် ရဲတပ်ဖွဲ့က ရဲနောင်၏နေအိမ်ကို ဝင်ရောက်ရှာဖွေကာ ၎င်းနှင့်အတူ ခိုးရာပါ iPhone 8 Plus ဖုန်းနှင့် နာရီတို့ကို ဖမ်းဆီးသိမ်းဆည်းရမိခဲ့သည်။ တရားခံ ရဲနောင်၏ ထွက်ဆိုချက်အရ ၎င်းသည် အပေါင်းပါ ၃ ဦးဖြစ်သော နန်းအောင်ဝင်း၊ ကျော်ခိုင်ထွန်း၊ ဇော်ပိုင် တို့နှင့်အတူ ယင်းနေအိမ်ကို ဖောက်ထွင်းခိုးယူခဲ့ခြင်းဖြစ်ကြောင်း သိရပြီး၊ ရဲတပ်ဖွဲ့က မေလ ၃၀ ရက်တွင် အပေါင်းပါတစ်ဦးဖြစ်သူ ဇော်ပိုင်ကို အေးသာယာကားကွင်းအနီး၌ ထပ်မံဖမ်းဆီးရမိခဲ့ကာ လွတ်မြောက်နေဆဲဖြစ်သည့် နန်းအောင်ဝင်းနှင့် ကျော်ခိုင်ထွန်းတို့ ၂ ဦးကို ဖမ်းဆီးနိုင်ရေး ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။
ခိုးရာပါနာရီဖြင့် TikTok ဆော့ရာမှ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ နေအိမ်ဖောက်ထွင်းမှု ပေါ်ပေါက်ပြီး တရားခံ ၂ ဦး ဖမ်းဆီးရမိ
Jun 06 • 10:16 AM
Myanmar
Shan
Share
| 16 | 0 | 0 | 0 |


