၂၀၂၆ ခုနှစ် ကျောင်းဖွင့်ရာသီကာလတွင် ကျောင်းသုံးစာရေးကိရိယာပစ္စည်းများ ရောင်းအားကောင်းနေပြီး လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များကြောင့် ဈေးနှုန်းများမှာလည်း ယခင်နှစ်ထက် အနည်းငယ်မြင့်တက်လာကြောင်း မကွေးမြို့ရှိ စာရေးကိရိယာအရောင်းဆိုင်များမှ သိရသည်။ ကျောင်းများစတင်ဖွင့်လှစ်သည့် ကာလဖြစ်၍ မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများက ကျောင်းဝတ်စုံ၊ ဖိနပ်၊ လွယ်အိတ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို ဝယ်ယူမှုများပြားနေခြင်း ဖြစ်သည်။ ကျောင်းသားမိဘများအနေဖြင့် ကျောင်းအပ်နှံချိန်တွင် ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်၊ ဖတ်စာအုပ်၊ ခဲတံစသည်တို့ကို အခမဲ့ထောက်ပံ့မှု ရရှိကြသော်လည်း အပိုလိုအပ်သည့် ကျောင်းဝတ်စုံနှင့် ကျောပိုးအိတ်များကိုမူ ကိုယ်တိုင်ထပ်မံဝယ်ယူပေးနေရကြောင်း သိရသည်။ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းအသီးသီးကို ဇွန်လ ၁ ရက် (ယမန်နေ့) က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။



