ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးကန် ထိန်းသိမ်းကာကွယ်ရေးစီမံချက်အတွက် ၂၀၁၅ ခုနှစ်က ငွေကျပ်သိန်းတစ်သောင်း (၁ ဘီလီယံ) အကုန်အကျခံကာ ဝယ်ယူခဲ့သည့် နုန်းစုပ်စက်ကြီးမှာ တစ်ကြိမ်မျှ အသုံးမပြုရသေးဘဲ ဆယ်နှစ်ခန့်အကြာတွင် ပျက်စီးယိုယွင်းကာ စွန့်ပစ်ရမည့်အခြေအနေသို့ ရောက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါစက်ကြီးကို ရှမ်းပြည်နယ်အစိုးရနှင့် သက်ဆိုင်သူများက အင်းလေးကန်ရန်ပုံငွေ သိန်း ၆,၀၀၀ နှင့် ပြည်ထောင်စုရန်ပုံငွေ သိန်း ၄,၀၀၀ စုစုပေါင်း သိန်း ၁၀,၀၀၀ ဖြင့် UMG Myanmar ကုမ္ပဏီထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး၊ ဝယ်ယူပြီးချိန်မှစ၍ လက်ရှိအချိန်ထိ လက်တွေ့လည်ပတ်အသုံးပြုခဲ့ခြင်း မရှိဘဲ ပြည်သူ့ဘဏ္ဍာငွေများ အလဟဿဖြစ်ကာ ပျက်စီးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ထောက်ပြကြသည်။လက်ရှိတွင် အင်းလေးကန်၌ တောင်ကျရေနှင့်အတူ နုန်းမြေများ ပို့ချမှုကြောင့် ရေနေဧရိယာ ပိုမိုနည်းပါးလာပြီး ကန်တိမ်ကောမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသဖြင့် နိုင်ငံတော်အဆင့် ပြန်လည်ပြုပြင်ခြင်းများ မဆောင်ရွက်ပါက ရှေ့လျှောက် ပိုမိုပျက်စီးယိုယွင်းလာနိုင်ကြောင်း ပညာရှင်များနှင့် ဒေသခံများက စိုးရိမ်လျက်ရှိသည်။ မေလဒုတိယပတ် မိုးကြီးပြီးနောက် ကန်အတွင်း ရေတက်လာခဲ့ရာ လကုန်ခါနီးအချိန်အထိ ရေတန့်နေဆဲဖြစ်ကြောင်း သိရသည်။



