စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်နှင့် မော်လူးဘက်တွင် ဖြစ်ပွားနေသည့် နယ်မြေ အခြေအနေများကြောင့် ကသာ-နဘားလမ်းဆုံတွင် မော်တော်ယာဉ်အစီးရေ ရာနှင့်ချီ၍ ၄ ရက်တိုင် ပိတ်မိနေသဖြင့် ခရီးသည်များနှင့် ယာဉ်မောင်းများ ခရီးစရိတ်ပြတ်လပ်မှုအပါအဝင် အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ လမ်းပိတ်ဆို့မှု ကြာမြင့်လာခြင်းနှင့် နေပူပြင်းခြင်းတို့ကြောင့် ကားများပေါ်တွင် တင်ဆောင်လာသည့် ကွမ်းရွက်ခြင်းများ၊ ကုန်စိမ်းများနှင့် သစ်ပင်ပျိုးပင်များ ညှိုးနွမ်းပျက်စီးကာ လွှင့်ပစ်ရသည့်အထိ ဆုံးရှုံးမှုများပြားနေသည်။လက်ရှိတွင် အင်းတော်၊ မော်လူးနှင့် အင်းရွာဇက်ဆိပ်တို့ကိုပါ ပိတ်ထားသဖြင့် ကားများမှာ ရှေ့တိုးနောက်ဆုတ်မရ ဖြစ်နေပြီး၊ ခရီးသည်အချို့မှာ ဘုန်းကြီးကျောင်းများနှင့် ကားပေါ်၌သာ ဖြစ်သလို အိပ်စက်နေကြရသည်။ နိုင်ငံရေးအခြေအနေများကြောင့် မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတစ်လျှောက် သွားလာရေး အဆင်မပြေဖြစ်နေသဖြင့် ကားသမားများက မန္တလေး-မြစ်ကြီးနားသို့ သွားမည့်ခရီးသည်များအနေဖြင့် အရေးကြီးကိစ္စရှိမှသာ သွားလာကြရန်နှင့် မဖြစ်မနေသွားရပါက အစားအစာ၊ ရေနှင့် ဆေးဝါးများကို လုံလောက်စွာ ယူဆောင်သွားကြရန် အကြံပြုထားကြောင်း သိရသည်။



