ထိုင်းနိုင်ငံ၊ Prachuap Khiri Khan ပြည်နယ်မှာရှိတဲ့ ဘဏ်ခွဲတစ်ခုမှာ မေလ ၂၀ ရက် မနက်ပိုင်းက အမျိုးသမီးတစ်ဦးဟာ အကောင့်ပိတ်ခံထားရလို့ ငွေထုတ်မရတဲ့ စိတ်ဖိစီးမှုတွေကြောင့် ကိုယ့်ကိုကိုယ် ဒီဇယ်ဆီတွေနဲ့ပက်ပြီး မီးခြစ်နဲ့ ရှို့ပစ်မယ်ဆိုပြီး ခြိမ်းခြောက်မှုတစ်ခု လုပ်ခဲ့ပါတယ်။ ဘဏ်အတွင်းမှာရှိနေတဲ့ ဖောက်သည်တွေ ထိတ်လန့်တကြား ဖြစ်ခဲ့ရပြီး သတင်းရရချင်းမှာပဲ ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်သမီးတွေနဲ့ ဘဏ်ဝန်ထမ်းတွေ စုပေါင်းပြီး အဲဒီအမျိုးသမီးကို ဝိုင်းဝန်းဖျောင်းဖျခဲ့ကြရပါတယ်။အဲဒီအမျိုးသမီးဟာ သူမရဲ့ ပင်စင်လစာဝင်တဲ့ ဘဏ်အကောင့် ပိတ်ခံထားရတဲ့အတွက် ငွေထုတ်လို့ မရဖြစ်နေတာ ကြာပြီလို့ သိရပါတယ်။ အဲဒီလို ငွေထုတ်မရလို့ အခက်အခဲဖြစ်နေတဲ့အချိန်မှာပဲ နေအိမ်က မိခင်ဖြစ်သူကလည်း စားစရာဝယ်ဖို့ ငွေလွှဲပေးဖို့ ဖုန်းဆက်တောင်းဆိုလာတဲ့အတွက် စိတ်ဖိစီးမှုလွန်သွားပြီး အခုလို ဘဏ်ထဲအထိ လာရောက်ကာ အကောင့်ပြန်ဖွင့်ပေးဖို့ တောင်းဆိုပြီး အကြမ်းဖက်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ရဲတပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေက အချိန်အတော်ကြာအောင် ဖျောင်းဖျနားချပြီးနောက်မှာတော့ အဲဒီအမျိုးသမီးဟာ စိတ်အေးသွားပြီး ရဲစခန်းကို လိုက်ပါသွားခဲ့ပါတယ်။ ဘန်ကောက်မြို့က သက်ဆိုင်ရာ ရဲစခန်းနဲ့ ဆက်သွယ်စုံစမ်းကြည့်တဲ့အခါမှာတော့ အဲဒီအမျိုးသမီးရဲ့ ဘဏ်အကောင့်ကို ပြန်ဖွင့်ပေးဖို့ လုပ်ငန်းစဉ်တွေ ပြီးစီးသွားပြီဖြစ်ကြောင်း သိရတဲ့အတွက် တာဝန်ရှိသူတွေက သူမကို သေချာရှင်းပြပေးခဲ့ကြတဲ့အတွက် သူမလည်း စိတ်အေးသွားပါတယ်။



