ရှမ်းပြည်နယ်(တောင်ပိုင်း)သည် မြန်မာနိုင်ငံအတွင်း အာလူးထွက်ရှိမှုအများဆုံး ဒေသများထဲမှ တစ်ခုဖြစ်ပြီး အထူးသဖြင့် ဟဲဟိုး၊ အောင်ပန်း၊ ပင်းတယ၊ ကလော၊ နောင်တရားနှင့် တီကျစ်ဒေသများတွင် အာလူးစိုက်ပျိုးမှုကို အဓိကထား လုပ်ကိုင်လျက်ရှိသည်။ ရှမ်း(တောင်)ဒေသထွက် အာလူးဈေးနှုန်းများမှာ ရာသီအလိုက် အပြောင်းအလဲရှိနေပြီး သီးနှံထွက်ရှိမှုများသောကာလများတွင် ဈေးနှုန်းကျဆင်းကာ သီးနှံရှားပါးသည့်ကာလများတွင် ဈေးနှုန်းမြင့်တက်လေ့ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း စိုက်ပျိုးရေးကုန်ကျစရိတ်၊ သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်လာမှုကြောင့် အာလူးဈေးနှုန်းများသည် ယခင်နှစ်များထက် အနည်းငယ်မြင့်တက်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဒေသစုံမှ သီးနှံအထွက်များပြားလာသဖြင့် အာလူးဈေးနှုန်းများ ကျဆင်းလျက်ရှိပြီး မားကီး S2/S1 တစ်ပိဿာလျှင် ၂၈၀၀ မှ ၃၀၀၀ ကျပ်၊ မျက်နီ S1 ၂၅၀၀ ကျပ်၊ OK ၁၈၀၀ ကျပ်၊ A1 ၁၅၀၀ ကျပ်၊ ဆွဲသီး ၁၃၀၀ ကျပ်နှင့် ဂေါ်လီဆိုဒ် ၁၀၀၀ ကျပ်ဖြင့် ဈေးပေါက်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ လေ့လာသိရှိရသည်။ အာလူးဈေးနှုန်းများမှာ အရည်အသွေး၊ အရွယ်အစားနှင့် သန့်ရှင်းမှုအပေါ် မူတည်၍ ကွာခြားမှုရှိပြီး လက်ကား(wholesale)နှင့် လက်လီ(retail)ဈေးနှုန်းများလည်း မတူညီကြောင်း သိရသည်။ ရှမ်း(တောင်)ဒေသထွက် အာလူးများကို ပြည်တွင်းဈေးကွက်အပြင် နယ်စပ်မှတစ်ဆင့် နိုင်ငံခြားဈေးကွက်များသို့လည်း တင်ပို့ရောင်းချလျက်ရှိပြီး အရည်အသွေးကောင်းမွန်သည့် အာလူးများအတွက် ဝယ်လိုအားမြင့်မားနေကြောင်း သိရသည်။



