ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက် မလိဇွပ်ဆေးရုံနှင့် အာဆီချပ်ကျောင်းလမ်းကြားတွင် ယမန်နေ့ည ၇ နာရီအချိန်ခန့်တွင် အသက် ၃၉ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦး အိမ်အပြန်လမ်းတွင် ဘက်ထရီဆိုင်ကယ်နှင့် ဖုန်းတစ်လုံး ရိုက်နှက်လုခံရမှု ဖြစ်ပွားခဲ့ကြောင်း လုခံရသူ မိသားစုထံမှ သိရသည်။မြေမြင့်ရပ်ကွက်တွင် ကြက်ဥကဇော်နှင့် အအေးဆိုင် ဖွင့်လှစ်နေသူ အမျိုးသားသည် ဆိုင်သိမ်းပြီး အိမ်အပြန်လမ်းတွင် ဆိုင်ကယ်နှင့် ဖုန်းတစ်လုံး ရိုက်နှက်လုယူခံရမှု ဖြစ်ပွားခဲ့ကြောင်း လုယူခံရသည့် မိသားစုဝင် တစ်ဦးက အတည်ပြုပြောသည်။"ဆိုင်သိမ်းပြီ အိမ်ပြန်တာ ၇ နာရီတောင် မထိုးသေးဘူး လူသွားလူလာလည်း မပြတ်သေးဘူး။ မလိဇွပ်ဆေးရုံ လမ်းကြားမှာ အမျိုးသား လေးဦး 125 ဆိုင်ကယ် နှစ်စီးနဲ့ ဟုတ်တယ်။ ဆိုင်ကယ်ကို ရှေ့ကတားပြီး အနောက်ကနေ ဝိုင်းရိုက်ပြီး ဆိုင်ကယ်နဲ့ ဖုန်း အလုခံခဲ့ရတယ်"ဟု ၎င်းကပြောသည်။အဆိုပါ ဖြစ်စဉ်ကြောင့် ရိုက်နှက်လုယူခံရသည့် အမျိုးသားမှာ ဘက်ထရီဆိုင်ကယ်နှင့် Oppo ဖုန်းအမျိုးအစား တစ်လုံး ပါရှိသွားသည့်အပြင် ဦးခေါင်းရိုက်နှက်ခံရ၍ ဆေးခန်းတွင် နှစ်ချက် ချုပ်ထားရပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ နယ်မြေခံရဲစခန်းတွင် အမှုဖွင့်ထားခြင်း မရှိကြောင်း သိရသည်။



