စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စတင်ဖမ်းဆီးရမိရာမှတစ်ဆင့် တစ်လနီးပါးကြာ ကွင်းဆက်လိုက်လံဖော်ထုတ်ခဲ့ရာ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်အထိ ငွေကျပ် ၉ ဒသမ ၈၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၇၇ ကီလိုနှင့် စိတ်ကြွဆေးပြား ၄ သန်းကို တရားခံဂိုဏ်းအဖွဲ့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့ နံနက်ပိုင်းက ကလေးမြို့အဝင်၌ အကြမ်းဖက်စစ်ကောင်စီ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က NISSAN CONDOR နှင့် GOLDEN TRUCK ကုန်တင်ကားနှစ်စီးကို စစ်ဆေးရာမှ ဘိန်းဖြူ ၄၈ ဒသမ ၄ ကီလိုနှင့်အတူ သက်ပိုင်စိုး၊ ဇော်ထိုက်၊ မျိုးရဲနိုင်နှင့် ကျော်လင်းတို့ ၄ ဦးကို စတင်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ဖမ်းဆီးရမိသူများ၏ စစ်ဆေးဖော်ထုတ်ချက်အရ ကလေးမြို့၊ စက်မှုဇုန်သွားလမ်း၌ နိုင်လင်းဇော်နှင့် နေလင်းဦး (ခ) ဆေးဆရာတို့ မောင်းနှင်လာသည့် ကားပေါ်မှ ဘိန်းဖြူ ၂၈ ဒသမ ၆ ကီလိုကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။ ထို့ပြင် မူးယစ်ဆေးဝါးများ လက်ခံရယူမည့်သူ ညွန့်တင်၊ လားရှိုးမြို့မှ သယ်ဆောင်ခိုင်းသူ နိုင်ဝင်း (ခ) ရုပ်ဆိုးနှင့် ဘဂျမ်းတို့ကို ဧပြီလအတွင်း ကွင်းဆက်အဖြစ် အသီးသီး ထပ်မံဖမ်းဆီးရမိခဲ့သည်။



