ရန်ကုန်မြို့အတွင်း သွားလာနေကြသည့် ပြည်သူများအနေဖြင့် လမ်းဖြတ်ကူးရာတွင် စနစ်တကျ ဖြစ်စေ ရေး ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က အသိပေးထုတ်ပြန်လိုက်သည်။စည်းကမ်းထိန်းသိမ်းရေးနှင့် Campaign ယနေ့ (မေလ ၈ ရက်) နံနက်ပိုင်းက ပြုလုပ်သည့် "ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ လူကူးမျဉ်းကြား၊ မြေအောက်လမ်း၊ ခုံးကျော်တံတားများ စနစ်တကျ အသုံးပြုရေး Campaign"တွင် YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က အောက်ပါအတိုင်း ပြောကြားခဲ့သည် -
"ယာဉ်အန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှု ဥပဒေမှာ လမ်းဖြတ်ကူးရင် သတ်မှတ်ထားတဲ့ လူကူးမျဉ်းကြား၊ မြေအောက်လမ်း၊ ခုံးကျော်တံတားတွေကပဲ ကူးရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ပညာပေးကာလ ရက်သတ္တပတ်ပြီးရင် မေလ ၁၄ ရက်ကစပြီး စည်းကမ်းမလိုက်နာသူတွေကို ဥပဒေအရ ဒဏ်ငွေ ကျပ် ၃၀,၀၀၀ ထက်မပိုသော ဒဏ်ငွေ ပေးဆောင်ရမှာဖြစ်ပါတယ်"လမ်းဖြတ်ကူးသူများကို အရေးယူတော့မည်ဖြစ်သော်လည်း လက်တွေ့တွင် ပြည်သူများ လူကူးမျဉ်းကြား သို့မဟုတ် ခုံးကျော်တံတားများကို အသုံးမပြုရသည့် အခြေခံအကြောင်းရင်း အချို့ရှိနေကြောင်း လေ့လာတွေ့ရှိရသည် ။ အရေးယူမှုများ မပြုလုပ်မီ ယာဉ်မောင်းသူများအနေဖြင့်လည်း လူကူးမျဉ်းကြားတွင် လူဖြတ်ကူးပါက ဦးစားပေးရပ်တန့်ပေးသည့် ယဉ်ကျေးမှုရှိလာအောင် ထိန်းကျောင်းပေးရန် လိုအပ်သကဲ့သို့၊ ပြည်သူများအနေဖြင့်လည်း မိမိတို့၏ အသက်အန္တရာယ်ကင်းရှင်းစေရန် ဒဏ်ငွေကြောင့်မဟုတ်ဘဲ စည်းကမ်းကို လိုက်နာရန် အရေးကြီးပါသည်။



