ပြည်တွင်း၌ တရုတ်နိုင်ငံ၏မုန့်စားပွဲတော်နှင့် မြင့်တက်လာသော အပူရှိန်ဒဏ်ကို ခံနိုင်ရည်ရှိစေရန် တရုတ်လူမျိုးများက နွေရာသီတွင် ပဲတီစိမ်းကို ပိုမိုစားသုံးလေ့ရှိပြီး ဝယ်လိုအားလည်း တိုးတက်လေ့ရှိသည်ဟု သုံးသပ်မှုများ ရှိနေသည်။ ထို့ကြောင့် လက်ရှိတွင် ပဲတီစိမ်း ဝယ်လိုအားကောင်းကာ ဈေးတန်းမှာလည်း ထပ်မံမြင့်တက်လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် မိုးရာသီနှင့် ဆောင်းရာသီ၌ စိုက်ပျိုးသော ပဲတီစိမ်းကို တရုတ်နိုင်ငံမှ အများဆုံး ဝယ်ယူနေခြင်းဖြစ်သည်။ ရန်ကုန်ဈေးကွက်တွင် ပဲတီစိမ်း ပြည်ပရောင်းချသည့် FOB ဈေးနှုန်းမှာ ပဲတီစိမ်းတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၀ ဝန်းကျင် ဈေးမြင့်တက်လာသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်က ပြည်ပသို့ ရောင်းချသည့် FOB ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၉၂၀/၉၃၀ ဈေးဖွင့်ခဲ့ရာမှ ယခုရက်သတ္တပတ်တွင် ပဲတီစိမ်း (အညာ) FAQ မှာ ဒေါ်လာ ၉၄၀/၉၅၀ သို့ ဈေးပြောင်းသွားသည်။ ပဲတီစိမ်း (ရွှေဝါ) FAQ ကလည်း တစ်တန်လျှင် ဒေါ်လာ ၁,၀၂၀/၁,၀၃၀ မှ ၁,၀၄၀/၁,၀၅၀ သို့ ဈေးပြောင်းသွားသည်။ ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပဲတီစိမ်း ပြည်တွင်းဈေးမှာလည်း အမျိုးအစားအလိုက် မြင့်တက်လာပြီး ပဲတီစိမ်း (အညာ) တစ်ပိဿာလျှင် ကျပ် ၅,၈၃၀/၅,၈၅၀ မှ ၆,၀၀၀/၆,၀၂၀ သို့ ဈေးပြောင်းသွားသည်။ သို့သော် ပဲတီစိမ်း (ခရမ်းနှင့် ပဲခူး) ရွှေဝါမှာ တစ်ပိဿာလျှင် ကျပ် ၆,၆၆၅ နှင့် ဝါးခယ်မ (FAQ) မှာ ကျပ် ၅,၈၃၀/၅,၈၅၀ ဖြင့် ဈေးငြိမ်နေသည်။



