ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင်ယမန်နေ့ ဧပြီ ၃၀ ရက်၊ နံနက် ၁၁ နာရီခန့်တွင် ကျိုင်းတုံမြို့၊ ရပ်ကွက် (၃)၊ မြို့သစ်ရပ်ရှိ ချယ်ရီအလှပြင်ဆိုင်အတွင်းသို့ ဆိုင်ကယ်နှင့်.ရောက်လာသူ အမျိုးသား၂ ဦးက ဆိုင်ရှိအမျိုးသမီး၂ ဦးထံမှ ဖုန်းများကို အကြမ်းဖက် လုယက်ယူဆောင်သွားကြောင်း ဆိုင်နှင့် နီးစပ်သူများထံမှ သိရသည်။အကြမ်းဖက် လုယက်ခံရသဖြင့် ပါသွားသည့် ဖုန်းများမှာ iPhone 16 ပန်းရောင်နှင့် iPhone 13 နက်ပြာရောင် တစ်လုံးတို့ဖြစ်ကြပြီး၂ လုံးပေါင်းတန်ဖိုး ကျပ်သိန်း ၅၀ ခန့် ရှိမည်ဖြစ်ကာ ဖုန်းပေါင်ခြင်း၊ Lock လာဖြည်ခြင်း၊ ဖုန်းလာရောင်းခြင်းများရှိပါက အကြောင်းကြားပေးကြပါရန် ပိုင်ရှင်များက မေတ္တာရပ်ခံထားသည်။သင်္ကြန်မတိုင်မီ ခိုးခံရသူ ဆိုင်ကယ်မှာ လိုင်စင်ပါ အနီနှင့်အရောင် 125i ဖြစ်ပြီး ကျပ်သိန်း ၅၀ ကျော်တန်သည်ဟု ဆိုသည်။ထို့အတူ ယမန်နေ့ ည ၆ နာရီခွဲတွင်လည်း ကျိုင်းတုံမြို့၊ စွန်တောင်းကုန်း အတက်နားတွင် ဆိုင်ကယ်စီးလာသူ အမျိုးသမီး ၂ ဦးကို အမျိုးသား၂ ဦးက ဆိုင်ကယ်ကို ခြေထောက်ဖြင့်ကန်၍ လဲအောင်လုပ်ပြီး ပိုက်ဆံအိတ် လုယက်ခံရမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။အလားတူ ဧပြီ ၂၉ ရက်၊ ညနေ ၅ နာရီကျော်ခန့်တွင် မူးယစ်၀င်းနှင့်ယန္တယား၀င်းကြားလမ်းတွင်လည်းပိုက်ဆံအိတ် အလုခံရကြောင်း သိရသည်။ကျိုင်းတုံမြို့သည် ရှမ်းပြည်အရှေ့ပိုင်း၏ မြို့တော်ဖြစ်သလို ပြည်နယ်ခွဲအဆင့်နှင့် တြိဂံတိုင်းစစ်ဌာချုပ် ရှိသော်လည်း နေ့စဥ်ရက်ဆက် လုယက်မှုများ ဖြစ်ပွားနေသဖြင့် ပြည်သူများ လုံခြုံမှုမရှိဖြစ်နေသည့်အပေါ် ပြည်သူများက ဝေဖန်နေကြသည်။



