အမေရိကန်နိုင်ငံသို့ မြန်မာ့ပေါ်ဆန်းဆန် တင်ပို့ရောင်းချနိုင်ရေးအတွက် ဆန်နမူနာကို ဦးစွာပေးပို့ပြီး အစပျိုးအနေဖြင့် ကွန်တိန်နာ တစ်စီးခန့် တင်ပို့နိုင်ရေးအတွက် ဆွေးနွေးထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရပါတယ်။အဆိုပါ ကိစ္စရပ်နဲ့ပတ်သက်ပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများ၊ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာစီးပွားရေးသံမှူး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ တာဝန်ရှိသူများနှင့် အမေရိကန်နိုင်ငံ Well Luck Co., Ltd. မှ ကိုယ်စားလှယ်များပါဝင်သည့် ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဧပြီ ၂၉ ရက်နေ့က မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့်ကျင်းပခဲ့တယ်လို့ သိရပါတယ်။မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ မက်ထရစ်တန်ချိန် ၂,၇၄၀,၇၃၉ တန်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၈၆၁ သန်းအထိ ရရှိထားတယ်လို့လည်း အသင်းချုပ်မှ ထုတ်ပြန်သော စာရင်းများအရ သိရပါတယ်။



