ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နောင်ဟီးကျေးရွာ စက်လှေဆိပ်အနီး ယမန်နေ့ ဧပြီလ (၂၉) ရက်နေ့၊ နေ့လယ် (၂)နာရီအချိန်ခန့်က ဧရာဝတီမြစ်အတွင်း ရေစီးနှင့်အတူ မျှောပါလာသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။အဆိုပါ အမျိုးသားမှာ ရွှေလုပ်သားဖြစ်ပြီး လွန်ခဲ့သည့် (၆)ရက်ခန့်က မြစ်ကြီးနား မြစ်ကမ်းဘက်သို့ သူငယ်ချင်းများနှင့်အတူ ရေကူးသွားရာမှ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းရုပ်အလောင်းကို ဝိုင်းမော်အခြေစိုက် မွန်မြတ်စေတနာလူမှုကူညီရေးအသင်းမှ ခတ်ချိုကျေးရွာသုဿာန်သို့ ပို့ဆောင်ပေးခဲ့ကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးက ပြောသည်။အဆိုပါ သေဆုံးသူအမျိုးသားမှာ ခတ်ချိုကျေးရွာ တိုက်ကုန်းကျောင်း စစ်ရှောင်စခန်းတွင် နေထိုင်သူဖြစ်ပြီး အသက် (၃၆)နှစ်အရွယ် ဦးကွေ့ဖုဆိုသူဖြစ်ကြောင်း သိရသည်။ဝိုင်းမော်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ရေနစ်သေဆုံးသည့် ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားလာပြီး ပြီးခဲ့သည့် ဧပြီလ (၂၁) ရက်နေ့ကလည်း ဟိုးလော်ကျေးရွာအနီး မြစ်ကမ်းဘေး၌ ရေစီးနှင့်အတူ မျှောပါလာသည့် အသက် (၁၂)နှစ်အရွယ် ကလေးငယ်တစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။



