ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့ သီတာမြိုင်ရပ်ကွက် ဒေါ်ညွန့်စိန်လမ်းမှာ ဧပြီလ ၂၉ ရက် ည ၈ နာရီက နေအိမ်လိုင်းခန်းတွဲရှေ့ အပေါ့စွန့်သည့်ကိစ္စနဲ့ အမျိုးသားနှစ်ဦး စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။မနေ့ည ၈ နာရီက ဒေါ်ညွန့်စိန်လမ်းရှိ ဦးဇော်ထွန်း အဆောင်လိုင်းခန်းတွင် ငှားနေသည့် ကိုဇော်မင်းမှာ ၎င်းအခန်းရှေ့တွင် အပေါ့သွားနေသည့် အမျိုးသားတစ်ဦးနဲ့ စကားများရန်ဖြစ်ရာမှ ဓားနဲ့ ထိုးသတ်ခဲ့တာလို့ မြို့ခံတစ်ဦးကပြောပါတယ်။သေဆုံးသူမှာ ကျောက်တန်းမြို့နယ် ရွှေပြည်သာရပ်ကွက်နေ အသက် ၄၀ အရွယ် ကိုအောင်ခင်ဇော်ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။လက်တလောမှာ ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရသူ ကိုဇော်မင်းကို ကျောက်တန်းမြို့မရဲစခန်းက (ပ) အမှတ် ၃၈/၂၀၂၆၊ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။



