တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်၏ "Silk Road Ark (ပိုးလမ်းမသင်္ဘော) " ဟု အမည်ရသော ဆေးရုံသင်္ဘောသည် တရုတ်ရေတပ်က ထမ်းဆောင်ခဲ့သည့် အလားတူမစ်ရှင်များအနက် အချိန်အကြာဆုံး စေလွှတ်မှုအဖြစ် ပင်လယ်ရပ်ခြား၌ ရက်ပေါင်း ၂၃၄ ရက်ကြာ ဆေးဘက်ဆိုင်ရာမစ်ရှင် ပြီးဆုံးပြီးနောက် ဧပြီ ၂၆ ရက်က မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။ "Mission Harmony-2025" ဟု အမည်ဝှက်ပေးထားသည့် ပင်လယ်ရေကြောင်းခရီးရှည်အား ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် စတင်ခဲ့ခြင်းဖြစ်ကာ အဆိုပါသင်္ဘောသည် နော်ရူး၊ ဖီဂျီ၊ တွန်ဂါ၊ ဂျမေကာ၊ ဘာဘေဒိုးစ်နှင့် ပါပူအာ နယူးဂီနီ စသည့် နိုင်ငံများသို့ သွားရောက်ခဲ့ပြီး ယင်းနိုင်ငံများ၏ ဒေသခံလူထုအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ကျယ်ကျယ်ပြန့်ပြန့် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ ထိုမစ်ရှင်အတွင်း အဖွဲ့သည် ပြင်ပလူနာ ၂၆,၃၂၄ ဦးအား ရောဂါစစ်ဆေးကုသပေးခဲ့ပြီး ခွဲစိတ်ကုသမှုပေါင်း ၂,၇၂၄ ကြိမ် လုပ်ဆောင်ပေးခဲ့သည့်အပြင် ရောဂါရှာဖွေစစ်ဆေးမှုနှင့် စမ်းသပ်မှုအကြိမ်ရေ ၁၇,၂၇၃ ကြိမ် လုပ်ဆောင်ခဲ့သလို အတွင်းလူနာ ၁၃၆ ဦးကိုလည်း ကုသပေးခဲ့ကြောင်း သိရသည်။



