ထိုင်းနိုင်ငံ၊ ရယောင်းပြည်နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ဧပြီ ၂၆ ရက်က ထိုင်းအလုပ်သမားများနှင့် တရုတ်အလုပ်သမားများအကြား ပြင်းထန်သော ခိုက်ရန်ဖြစ်ပွားမှုတစ်ခု ပေါ်ပေါက်ခဲ့ပြီး လူအများအပြား မစိုးရိမ်ရသည့် ဒဏ်ရာများ ရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ အဆိုပါဖြစ်စဉ်သည် ရယောင်းပြည်နယ်၊ နီခွန်ဖတ်သနာခရိုင်၊ မပ်ခါရပ်ကွက်ရှိ လုပ်ငန်းခွင်တစ်ခုတွင် ယမန်နေ့ နံနက် ၁၀ နာရီခွဲဝန်းကျင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နှစ်ဖက်အုပ်စုမှ အလုပ်သမား အများအပြားသည် အပြင်းအထန် စကားများရန်ဖြစ်ရာမှတစ်ဆင့် လက်ရောက်တိုက်ခိုက်သည့်အဆင့်အထိ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။ ယနေ့ ဧပြီ ၂၇ ရက်တွင် ရဲတပ်ဖွဲ့သည် အဆိုပါလုပ်ငန်းခွင်သို့ သွားရောက်ကာ အထောက်အထားများ စုဆောင်းခဲ့ကြသည်။ ဖြစ်စဉ်မှန်ကို သိရှိနိုင်ရန် လုပ်ငန်းခွင်ကြီးကြပ်ရေးမှူးများနှင့် ပါဝင်ပတ်သက်သူများကို ခေါ်ယူစစ်ဆေးလျက်ရှိပြီး ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ လူစုလူဝေးဖြင့် ဆူပူမှုတို့ဖြင့် တရားစွဲဆိုရန် စီစဉ်နေသည်။



