ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၏ ကျက်သရေဆောင် သမိုင်းဝင်ရွှေဆံတော်ဘုရားပွဲတော်ကြီးတွင် လေလံစျေး ကြီးမြင့်သည်ဟုဆိုကာ ဆိုင်ကယ်အပ်ခများအား တစီးလျှင် (၅၀ဝဝ ကျပ်/ ၁၀ဝဝဝ ကျပ်) စသည်ဖြင့် ကောက်ခံ နေသောကြောင့် ဘုရားဖူးလာရောက်ကြသော ဒေသခံများ စိတ်မချမ်းမြေ့မှုများ ရှိနေကြကြောင်း သိရသည်။သမိုင်းဝင်ရွှေဆံတော် ဘုရားပွဲတော်ကြီးအား လေလံအပြိုင် (၇) ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး၊ နောက်ဆုံး ကျပ်ငွေ သိန်းပေါင်း (၅၉၀၀) ဖြင့် လေလံစျေးပိတ်သွားခဲ့ပြီး လေလံရရှိသူမှ ဆိုင်ခန်းပေါင်း (၄၀၁)ခန်း စာအတွက် ဆိုင်ခန်း တစ်ခန်းလျှင် ကျပ်ငွေ ( ၁၀) သိန်း မှ (၈) သိန်း၊ ပျံကျစျေးသည်များအတွက် ကျပ်တစ်သောင်း မှ ငါးသောင်းကျပ်၊ ရုံသွင်းပြသည့်ဇာတ်ပွဲအလိုက် ဖျာလက်မှတ်များအား ကျပ်ငွေ(၃) သိန်း၊ (၂) သိန်း၊ (၁) သိန်း၊ ဆိုင်ကယ်အပ်ခ များအား နေရာအလိုက် (၅၀၀၀) ကျပ် မှ (၁ဝဝဝဝ) ကျပ် စသည်ဖြင့် သတ်မှတ်ကောက်ခံကြောင်း သိရသည်။တောင်ငူမြို့၊ သမိုင်းဝင်ရွှေဆံတော်ဘုရားပွဲတော်အား (၄၄၈)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအဖြစ် ကျင်းပနေ ခြင်းဖြစ်ပြီး၊ နှစ်စဥ် ဘုရားပွဲလေလံကြေး သိန်းတစ်ထောင်ကျော်သာရှိခဲ့သော်လည်း ယခုနှစ်တွင် လေလံကြေး သိန်းပေါင်း ငါးထောင်ကိုးရာကျပ်အထိ မြင့်တက်သွားခြင်းဖြစ်ကြောင်း သိရသည်။တောင်ငူမြို့၏ ကျက်သရေဆောင် သမိုင်းဝင် ရွှေဆံတော် ဘုရားပွဲတော်ကြီးအား ဧပြီလ ( ၂၃ )ရက်နေ့ မှ မေလ(၇) ရက်အထိ ( ၁၅ ) ရက်တိုင်တိုင် ကျင်းပနေခြင်းလည်းဖြစ်သည်။ ထို့အပြင် လာမည့် ( ကဆုန်လပြည့်နေ့ ) ဧပြီ (၃၀) ရက် ၊ ညနေ (၃) နာရီ အချိန်တွင် ညောင်ရေသွန်းပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဟုလည်း ဘုရားကြီး၏ ဂေါပက ထံ မှ သိရသည်။



