မွန်ပြည်နယ်မှာ အစိုးရသစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် မြို့တော် မော်လမြိုင်မြို့မှာတော့ စည်ပင်သာယာရေးအဖွဲ့ရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ညံ့ဖျင်းနေဆဲဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။စည်ပင်သာယာရေးအဖွဲ့ရဲ့ ဝန်ဆောင်မှုတွေဖြစ်တဲ့ အမှိုက်သိမ်းဆည်းတာ၊ မြို့တွင်းလမ်းတံတား ပြုပြင်တာ၊ ရေပေးဝေမှုအပါအဝင် စည်ပင်ဝန်ဆောင်မှု လုပ်ငန်းတွေဟာ စည်းကမ်းတကျ မရှိတဲ့ အခြေအနေ ဖြစ်ပေါ်နေတာပါ။မြို့ခံတွေရဲ့ ပြောပြချက်အရ အရင်လို အမှိုက်သိမ်းကားတွေဟာ နေ့စဉ် ရပ်ကွက်တွေထဲ လာရောက်မှု မရှိတော့တာကြောင့် ဒေသခံတွေ နီးစပ်ရာ နေရာတွေမှာ အမှိုက်တွေကို စွန့်ပစ်နေရတဲ့အတွက် ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေပါတယ်။စည်ပင်ဝန်ဆောင်မှု လုပ်ငန်းတွေ ညံ့ဖျင်းနေတာကြောင့် မြို့တွင်း သန့်ရှင်းသာယာလှပမှု ပျက်စီးလာတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။


