Ai ဖြင့်လည်းကောင်း၊ DJ Remix များဖြင့်လည်းကောင်း၊ ဇာတ်သဘင်၊ စတိတ်ရှိုးဆိုရာတွင်လည်းကောင်း တေးသီချင်း မူပိုင်ရှင်များထံမှ ခွင့်ပြုချက်တောင်းခံရမည်ဟု မြန်မာနိုင်ငံ ဂီတအစည်းအရုံးက ထုတ်ပြန်ထားသည်။တေးသီချင်း မူပိုင်ရှင်များက တိုင်ကြားမှုများရှိလာသဖြင့် ယင်းသို့ အသိပေးထုတ်ပြန်ရခြင်းဖြစ်ပြီး အနုပညာရှင်များအနေဖြင့် မူပိုင်ခွင့်ပိုင်ရှင်များ၏ ခွင့်ပြုချက်ရယူပေးရန် လိုအပ်နေပြီး ပျက်ကွက်ပါက ဥပဒေနှင့် ငြိစွန်းနေသည်ဟု ထုတ်ပြန်ထားသည်။ထို့ပြင် ဇာတ်သဘင်များ ကပြဖျော်ဖြေရာတွင် စတိတ်ရှိုးများ၊ ပြဇာတ်များတွင် သီဆိုသည့် သီချင်းများသည် သက်ဆိုင်သည့်မူပိုင်ခွင့်ပိုင်ရှင်များ၏ခွင့်ပြုချက်ရယူရမည်ဖြစ်သည်။အလားတူ Cover Song များ၊ ကြော်ငြာသီချင်းများနှင့် Media Platform များတွင် အသုံးပြုသည့် မည်သည့်သီချင်းမဆို သီချင်းမူပိုင်ခွင့်ပိုင်ရှင်များထံမှ ခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း အသိပေးဖော်ပြထားသည်။လက်ရှိတွင် AI ဖြင့် သီချင်းပိုင်ရှင်များ၏ ခွင့်ပြုချက်မရှိပဲ အမျိုးသမီးဆိုသောသီချင်းများကို အမျိုးသားအသံဖြင့်လည်းကောင်း၊ အမျိုးသားသီဆိုသောသီချင်းများကို အမျိုးသမီးအသံဖြင့် လည်းကောင်း တေးသီချင်းမူပိုင်ရှင်များမသိရှိ၊ ခွင့်ပြုခြင်းမရှိပဲအမျိုးမျိုးသော ပြောင်းလည်းခြင်းများကို လုံးဝ(လုံးဝ) သုံးစွဲခြင်းမပြုရဟု သတိပေးထုတ်ပြန်ထားသည်။DJ များသည် Remix များတီးရာတွင် သီချင်းပိုင်ရှင်များ၏ ခွင့်ပြုချက်ရယူရန်နှင့် အခြားသီချင်းများပါဝင်ပါကလည်း မူပိုင်ခွင့်ပိုင်ရှင်များထံမှ ခွင့်ပြုချက်တောင်းခံရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂီတအစည်းအရုံးက ထုတ်ပြန်ထားသည်။



