ယနေ့ နံနက် ၉ နာရီဝန်းကျင်အချိန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မြန်မာအမျိုးသားလေ ကြောင်းလိုင်း (MNA) မှ ပြည်တွင်းခရီးစဉ်ပြေးဆွဲနေသော ATR-72 လေယာဉ်သည် ပျံသန်းရန်အတွက် လေယာဉ်ပြေးလမ်းဆီသို့ ထွက်ခွာစဉ် ဘရိတ်စနစ်ချို့ယွင်းကာ ရပ်နားထားသည့် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI) လေယာဉ်ကို ဝင်ရောက်တိုက်မိသည့် မြေပြင်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ရန်ကုန်လေဆိပ်မှ ပျံတက်ရန်အတွက် ပြေးလမ်းဆီသို့ မောင်းနှင်ထွက်ခွာရန် (Taxiing) ပြင်ဆင်နေသည့် MNA လေကြောင်းလိုင်းမှ ATR-72 လေယာဉ်သည် ဘရိတ်စနစ် (Break System) ရုတ်တရက်ချို့ယွင်းသွားခဲ့ကြောင်း၊ ထိုသို့ ချို့ယွင်းမှုကြောင့် လေယာဉ်ကို ထိန်းချုပ်၍မရဘဲ ဖြစ်သွားကာ အနီးနားတွင် ရပ်နားထားသည့် MAI လေကြောင်းလိုင်းမှ Airbus A319 လေယာဉ်၏ အမြီးပိုင်းကို ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရှီရသည်။ MNA လေယာဉ်သည် MAI လေယာဉ်ကို တိုက်မိပြီးနောက် အရှိန်ဖြင့် ချာလည်ထွက်သွားကာ အနီးရှိ ကုန်ပစ္စည်းအတင်အချပြုလုပ်သည့် လှည်း (Baggage Cart) ကိုပါ ထပ်မံတိုက်မိပြီးမှ ရပ်တန့်သွားခဲ့ကြောင်း၊ ယခုဖြစ်စဉ်ကြောင့် လေယာဉ်နှစ်စင်းလုံး၏ ကိုယ်ထည်ပိုင်းတွင် ထိခိုက်ပျက်စီးမှုအချို့ ရှိခဲ့သော်လည်း လေယာဉ်ပေါ်ပါ ခရီးသည်များနှင့် မြေပြင်ဝန်ထမ်းများ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရှိရသည်။ အဆိုပါ မတော်တဆမှုကြောင့် လေယာဉ် ၂ စင်းလုံးကို စစ်ဆေးပြင်ဆင်ရန်အတွက် ခေတ္တရပ်နားထားရပြီး၊ လေဆိပ်တာဝန်ရှိသူများက ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရှိရသည်။



