အလွန်ပြုပြင်ထားတဲ့ အစားအစာတွေ စားတာဟာ နှလုံးရောဂါဖြစ်နိုင်ခြေ၊ လေဖြတ်နိုင်ခြေနဲ့ အသက်အန္တရာယ်ဖြစ်နိုင်ခြေကို သိသိသာသာမြင့်တက်စေနိုင်တယ်လို့ အမေရိကန်နှလုံးရောဂါ ကောလိပ်ကထုတ်ပြန်တဲ့ သုတေသနအသစ်တစ်ခုက သတိပေးထားပါတယ်။ တစ်ရက်လျှင် အာလူးကြော်၊ အသင့်စားအေးခဲစာ၊ ပြုပြင်ထားတဲ့ အသားနဲ့ အချိုရည်တွေလို အစားအစာမျိုးကို ၉ ကြိမ်ထက်ပိုပြီး စားသုံးသူတွေမှာ တစ်ကြိမ်သာစားသူတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေ ၆၇ ရာခိုင်နှုန်းအထိ မြင့်တက်လာတာတွေ့ရတယ်လို့လည်း အဆိုပါ သုတေသနမှာ ဆိုထားပါတယ်။ယခုလေ့လာချက်အရ အထက်ပါ အစားအစာတွေကို တစ်နေ့မှာ တစ်ကြိမ်ပိုစားမိတိုင်း နှလုံးရောဂါ သို့မဟုတ် လေဖြတ်နိုင်ခြေဟာ ၅ ရာခိုင်နှုန်းစီလောက် ပုံမှန်တက်သွားတာ တွေ့ရပြီး ထူးခြားချက်တစ်ခုအနေနဲ့ ဒီလိုမျိုးဖြစ်နိုင်ခြေဟာ အာဖရိကနွယ်ဖွား အမေရိကန်လူမျိုးတွေမှာ အခြားလူမျိုးစုတွေထက် ပိုပြီးတော့တောင် မြင့်မားနေတယ်လို့ သိရပါတယ်။သုတေသနပညာရှင်တွေက ဆီးချို၊ သွေးတိုး၊ အဝလွန်စတဲ့ တခြားအကြောင်းရင်းတွေကို ထည့်တွက်ရင်တောင်မှ ဒီလိုပြုပြင်ထားတဲ့ အစားအစာတွေရဲ့ အန္တရာယ်က လျော့မသွားတာကြောင့် နှလုံးကျန်းမာရေးအတွက် အာဟာရတန်ဖိုးနည်းပြီး အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာတွေကို လျှော့စားကြဖို့ ပညာရှင်တွေက တိုက်တွန်းထားပါတယ်။



