ပဲခူးတိုင်းအနောက်ပိုင်း ၊ ကြို့ပင်ကောက်မြို့နယ်မှာ နှစ်ဆန်းတရက်နေ့ ၊ ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းက မိုးရွာပြီး လေပြင်းတိုက်ခိုက်မှုကြောင့် အိမ်ခြေရာနဲ့ချီ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။ ဧပြီ၁၇ရက်ညနေ ၃ နာရီကျော်လောက်မှာ လေပြင်းတိုက်ပြီး မိုးရွာသွန်းခဲ့တာဖြစ်ကြောင်း ၊ အဲဒီဖြစ်စဥ်ကြောင့် ကြို့ပင်ကောက်မြို့ပေါ် ရှိ နေအိမ်အချို့ ထိခိုက်ပျက်စီးမှု ရှိခဲ့သလို ချောင်းဂွရွာ ၊ မြို့ကိုင်းရွာနဲ့ ကွက်သစ်ရွာတွေဘက်မှာလည်း အိမ်ရာနဲ့ချီပြီး ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ် ။လူနေအိမ်တွေမှာ အမိုးလန် ပျက်စီးသွားတာ၊ အိမ်တခုလုံးပြိုကျပျက်စီးတာ ၊ အိမ်တခြမ်းပျက်စီးတာတွေ ဖြစ်ပွားခဲ့သလို သစ်ပင်တွေလည်း လဲကျမှုရှိခဲ့တယ်လို့ သိရပါတယ် ။ အဆိုပါ မြို့ကိုင်း ၊ ကွက်သစ်နဲ့ ချောင်းဂွ ရွာတွေဘက်မှာ သက်ဆိုင်ရာမြို့နယ်အာဏာပိုင်တွေက ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးကို အကန့်အသတ်နဲ့သာ ခွင့်ပြုထားတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။
သဘာဝဘေးအန္တရာယ်ခံစားခဲ့ရတဲ့ ပြည်သူတွေအနေနဲ့ ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်အတွက် လိုအပ်တဲ့ သွပ် နဲ့အခြား အိမ်ဆောက်ပစ္စည်းတွေ ဝယ်ယူဖို့ အခက်တွေ့နေကြရတယ်လို့ သိရပါတယ်။ ကြို့ပင်ကောက်မြို့ပေါ်မှာတော့ ဆင်ခြေဖုံးရပ်ကွက်တွေက နေအိမ်တွေ ထိခိုက်ပျက်စီးမှုများပြီး သစ်ပင်လဲကျမှုတွေရှိခဲ့ကြောင်း ၊ ရန်ကုန် - ပြည်လမ်း လမ်းမှာလည်း သစ်ပင်လဲကျမှုရှိခဲ့တဲ့အတွက် မီးသတ်ဌာနက ရှင်းလင်းရေးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။



